ဧရာဝတီစစ်ရေးကြောင့် ရန်ကုန်-ချောင်းသာ ခရီးစဉ်ဖျက်သိမ်းမှုတွေ များလာ
ရခိုင်ပြည်နဲ့ ဧရာဝတီတိုင်းအစပ်မှာ စစ်ရေးတင်းမာနေတာကြောင့် ရန်ကုန်-ချောင်းသာကမ်းခြေ အပန်းဖြေခရီးစဉ်ဖျက်သိမ်းမှုပိုမိုများပြားလာတယ်လို့ ဖျက်သိမ်းသူတွေနဲ့ အဝေးပြေးယာဉ်လိုင်းတွေဆီကနေ သိရပါတယ်။
ရန်ကုန်ကနေ ချောင်းသာကမ်းခြေကို သွားရောက်ဖို့ ကြိုတင်ဝယ်ထားတဲ့ ကားလက်မှတ်နဲ့ ဟိုတယ်ဘိုကင်တွေကို လျှော့ဈေးနဲ့ ပြန်ရောင်းနေကြတယ်လို့ သိရပါတယ်။
“ဒီဇင်ဘာတုန်းက မသွားဖြစ်ကြလို့ အခုရက်ထဲသွားမလို့လုပ်ထားတာ။ ဟိုမှာက ဗုံးကြဲတာတွေကော၊ အစစ်အဆေးကလည်း တော်တော်များတယ်လို့ကြားလို့ ကားလက်မှတ်ကော၊ ဟိုတယ်ဘိုကင်ယူထားတာကော တစ်ဝက်ဈေးနဲ့ပြန်ရောင်းဖို့လုပ်ထားတာ။ သွားမယ့်သူတွေမရှိကြလို့ထင်တယ်။ အခုထိ ရောင်းမထွက်သေးဘူး” လို့ ချောင်းသာကိုသွားရောက်ဖို့စီစဉ်ထားသူ ရန်ကုန်မြို့က အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရန်ကုန်-ချောင်းသာ ခရီးစဉ်တွေကို ပုံမှန်ပြေးဆွဲပေးနေပေမဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကထက် သွားရောက်မယ့်ခရီးသွားဦးရေဟာ များစွာလျော့ကျသွားတယ်လို့ ရန်ကုန်-ချောင်းသာ ပြေးဆွဲတဲ့ Expressယာဉ်လိုင်းမောင်းသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“အရင်လထက်စာရင် ခရီးသည်တော်တော်နည်းသွားတယ်ဗျ။ စစ်ဖြစ်ပြီးပိတ်မိနေမှာဆိုးကြတယ်ထင်တယ်။ အရင်လကဆို ကားကထွက်တိုင်း လူအပြည့်ပဲ” လို့ သူက ပြောပါတယ်။
ရခိုင်ပြည် ဂွတစ်မြို့နယ်လုံးကို အာရက္ခတပ်တော်(AA)က ဒီဇင်ဘာလ ၂၉ ရက်နေ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီက ဂွမြို့နဲ့အနီးဆုံး ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ရွာကို ဇန်နဝါရီဒုတိယပတ်အတွင်း AA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဘက်က ဇန်နဝါရီ ၁၁ နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက် မကျီးဇင်ရွာအနီးတစ်ဝိုက်ကို ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မကျီးဇင်ရွာက နေအိမ်တွေ မီးလောင်ပျက်စီးခဲ့သလို အဲဒီရွာအနီးမှာရှိတဲ့ ပုန်းညှက်မော(အမော်ကြီး)နဲ့ ကုလားချောင်းကျေးရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လက်ရှိမှာတော့ ရွှေသောင်ယံမြို့မှာ စစ်ကောင်စီက အင်အားထပ်မံဖြည့်တင်းနေပြီး ချောင်းသာကမ်းခြေဟာ ရွှေသောင်ယံနဲ့ ၈ မိုင်အကွာမှာတည်ရှိပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်