ကန်နဲ့ ဗြိတိန်လုပ် ဒုံးကျည်တွေအပါအဝင် ဒရုန်းရာနဲ့ချီအသုံးပြုပြီး ယူကရိန်းဘက်က တိုက်ခိုက်ခဲ့တယ်လို့ ရုရှားပြော

Author CJ Platform
Categories
Published on Jan 15, 2025

ယူကရိန်းနိုင်ငံဟာ အမေရိန်ကန်လုပ် ATACMS တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ခြောက်စင်း၊ ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည် ခြောက်စင်းအပြင် ဒရုန်း ၁၄၆ စင်းထက်မနည်း အသုံးပြုပြီး ရုရှားနိုင်ငံကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က ယမန်နေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ပြောပါတယ်။

 

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ယူကရိန်းဘက်ကပစ်ခတ်ခဲ့တဲ့ အနောက်နိုင်ငံလုပ် ဒုံးကျည်တွေအားလုံးအပြင် ဒရုန်းတွေကိုပါ စစ်ပွဲဇုန်အပြင်ဘက်က ဘရန်ဆက်ခ်ဒေသထဲမှာ ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် နောက်ထပ် Storm Shadow ခရုဇ်ဒုံးကျည်နှစ်စင်းကိုလည်း ပင်လယ်နက်အပေါ်မှာ ပစ်ချနိုင်ခဲ့တယ်လို့လည်း ထပ်ပြောပါတယ်။

 

“အနောက်နိုင်ငံက ကြိုးကိုင်ခြယ်လှယ်သူတွေရဲ့ ထောက်ပံ့မှုနဲ့ ယူကရိန်းအစိုးရရဲ့ လုပ်ဆောင်မှုတွေကို လက်တုံ့ပြန်ဆောင်ရွက်သွားမှာပါ” လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာလည်း ယူကရိန်းက ATACMS ပဲ့ထိန်းဒုံးကျည်နဲ့ Storm Shadow ဒုံးကျည်တို့ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုတိုက်ခိုက်ခဲ့ဖူးပါတယ်။

 

အဲဒီတုန်းက ယူကရိန်းရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ရုရှားက နိုဝင်ဘာ ၂၁ ရက်နေ့မှာ Oreshnik သို့မဟုတ် Hazel Tree လို့ အမည်ပေးထားတဲ့ အသံထက်မြန်တဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်နဲ့ ယူကရိန်းနိုင်ငံထဲကို ပြန်လည်ပစ်လွှတ်ခဲ့ပါတယ်။

 

အဲဒီလိုမျိုး အမေရိကန်နဲ့ ဗြိတိန်တို့က သူတို့ရဲ့ ဒုံးကျည်တွေကို ပထမဦးဆုံးအကြိမ်အဖြစ် ယူကရိန်းကို အသုံးပြုခွင့်ပေးပြီး ရုရှားနိုင်ငံ အတွင်းပိုင်းထဲကို တိုက်ခိုက်စေပြီးတဲ့နောက်မှာ  ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့ ယူကရိန်းစစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအဖြစ် ဦးတည်နေပြီလို့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ပြောထားပါတယ်။

 

အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကတော့ တွေ့ဆုံဆွေးနွေးကြဖို့နဲ့ ယူကရိန်းစစ်ပွဲ အလျင်အမြန် ရပ်တန့်ဖို့ တွန်းအားပေးလုပ်ဆောင်လာနိုင်တာကြောင့် ယူကရိန်းအပေါ် ကာလရှည်ကြာ ထောက်ပံ့လာတဲ့ အမေရိကန်ရဲ့ ရပ်တည်မှုအပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

 

ယူကရိန်းဘက်က ရုရှားကို အခုလိုမျိုး ဒရုန်းရာနဲ့ချီ အသုံးပြုပြီး တိုက်ခိုက်မှုဟာ စစ်ပွဲစတင်ချိန်ကစလို့ ဒရုန်းအသုံးပြုပြီး ကြီးကြီးမားမား တိုက်ခိုက်မှုတွေထဲက တစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

 

ရုရှားနိုင်ငံမြို့တော် မော်စကိုရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၇၂၀ (မိုင် ၄၅၀) ဝန်းကျင်အကွာမှာရှိတဲ့ ဆာရာတော့ဗ်နဲ့ အန်ဂယ်လ်မြို့တွေဟာလည်း ဒရုန်းအများအပြားရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာကြောင့် စက်ရုံနှစ်ရုံပျက်စီးခဲ့ပြီး ကျောင်းတွေဟာလည်း ဝေးလံတဲ့နေရာတွေကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆာရာတော့ဗ်ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုမန် ဘူဆာဂင်က ပြောပါတယ်။

 

အဲဒီဒေသကို ယူကရိန်းဘက်က ပြီးခဲ့တဲ့အပတ်တုန်းကလည်း တိုက်ခိုက်ခဲ့ဖူးပြီး ရုရှားနျူးကလီးယားဗုံးကြဲလေယာဉ်တွေအတွက် လေယာဉ်ဆီဖြည့်ရာ လေတပ်စခန်းကို ထိမှန်ခဲ့တာကြောင့် မီးအကြီးအကျယ်လောင်ခဲ့ပြီး ငါးရက်ကြာတဲ့အထိ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

 

ဒရုန်းတိုက်ခိုက်မှုဟာ ဆာရာတော့ဗ်ဒေသထဲက အန်ဂယ်‌လ်လေတပ်အခြေစိုက် စခန်းမှာရှိတဲ့ ပဲ့ထိန်းဗုံးတွေနဲ့ ဒုံးကျည်တွေ သိမ်းဆည်းထားတဲ့ လက်နက်သိုလှောင်ရုံနဲ့ တခြားပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းလုံခြုံရေးဌာနက သတင်းရင်းမြစ်တစ်ဦးက ယမန်နေ့က ပြောပါတယ်။

 

ဒါ့အပြင် ဘရန်ဆက်ခ်ဒေသထဲက ဓာတုစက်ရုံကို ထိမှန်ခဲ့သလို တူလာဒေသထဲက အယ်လန်ဆင်းစကီဓာတုစက်ရုံနဲ့  ဆာရာတော့ဗ်စကီ ရေနံချက် စက်ရုံတို့ဟာလည်း မီးလောင်ခဲ့တယ်လို့ အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။

 

ထိခိုက်ပျက်စီးမှုတွေကိုတော့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

 

ဘရန်ဆက်ခ်ဒေသထဲက ဓာတုစက်ရုံဟာ မီးအကြီးအကျယ်လောင်ခဲ့သလို နောက်ဆက်တွဲ ပေါက်ကွဲမှုတွေလည်း ရှိခဲ့ပြီး တိုက်ခိုက်မှုတွေကိုတော့ SBU နဲ့ ယူကရိန်းစစ်တပ်က လုပ်ဆောင်ခဲ့တာလို့ ယူကရိန်းသတင်းရင်းမြစ်က ပြောပါတယ်။

 

ရုရှားနိုင်ငံရဲ့ ကာဇန်၊ ဆာရာတော့ဗ်၊ ပန်ဇာ၊ အယ်ယန်နော့ခ်နဲ့ နစ်ဇ်ဟန်ကာမက်ခ် စတဲ့ဒေသတွေက လေဆိပ်တွေမှာ လေကြောင်းပျံသန်းမှုတွေကို ကန့်သတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ ရုရှားနိုင်ငံလေကြောင်း စောင့်ကြည့်ရေးအဖွဲ့က အသိပေးပါတယ်။

 

၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှားဘက်က ကျူးကျော်ခဲ့မှုကြောင့် လူပေါင်း သောင်းချီ သေဆုံးခဲ့သလို လူသန်းချီဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

 

ဒါ့အပြင် ရုရှားနဲ့ အနောက်နိုင်ငံတွေကြားက ဆက်ဆံရေးဟာလည်း ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်း နောက်ပိုင်း အကြီးမားဆုံး ပဋိပက္ခအသွင် ဆောင်လာခဲ့ပါတယ်။

 

ဓာတ်ပုံ – U.S. Army Acquisition Support Center

 

ပုံစာ- M57A1 ATACMS ဒုံးကျည်ကို M142 ဒုံးပစ်ယာဉ်ပေါ်ကနေပစ်ခတ်နေစဉ် (ပုံအဟောင်း)

 

ကိုးကား- Reuters