အပစ်ရပ်စဲရေးမူကြမ်းကို ဟားမက်စ်ဘက်က သဘောတူတယ်လို့ဆို

Author CJ Platform
Categories
Published on Jan 15, 2025

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲနိုင်ဖို့အတွက် ဟားမက်စ်တွေ ထိန်းသိမ်းထားတဲ့ ဒါဇင်နဲ့ချီတဲ့ ဓားစာခံတွေ ပြန်လွှတ်ပေးရေး အချက်ပါဝင်တဲ့ အပစ်ရပ်စဲရေးမူကြမ်းကို ဟားမက်စ်တွေဘက်က သဘောတူခဲ့တယ်လို့ ဆွေးနွေးညှိနှိုင်းရေးမှာ ပါဝင်တဲ့ တာဝန်ရှိသူနှစ်ဦးက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်၊ အင်္ဂါနေ့က အတည်ပြုပြောဆိုပါတယ်။

 

ကြားဝင်စေ့စပ်ပေးမှုတွေ လုပ်ဆောင်နေတဲ့ ကာတာနိုင်ငံကလည်း အစ္စရေးနဲ့ ဟားမက်စ်တို့ဟာ သဘောတူညီမှုရဖို့ အနီးစပ်ဆုံးအနေအထားကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။

 

အဆိုပြုထားတဲ့ သဘောတူညီချက် မိတ္တူတစ်စောင်ကို သူတို့ဌာနက ရရှိခဲ့ပြီး အီဂျစ်နဲ့ ဟားမက်စ်တို့ဘက်ရဲ့ တာဝန်ရှိသူတွေက အဲဒီ သဘောတူညီချက်တွေဟာ အစစ်အမှန်ဖြစ်တယ်လို့ အတည်ပြု‌ပေးခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြပါတယ်။

 

အစ္စရေးဘက်က တာဝန်ရှိသူတစ်ဦးကလည်း ဆွေးနွေးမှု တိုးတက်တာကို အသိအမှတ်ပြုပေမဲ့ အသေးစိတ်အချက်အလက်တွေကတော့ အပြီးသတ်ဆွေးနွေးနေဆဲလို့ ဆိုပါတယ်။

 

ဆက်လက်ဆောင်ရွက်မယ့် ကိစ္စဟာလည်း အစိုးရအဖွဲ့ သဘောတူညီချက် ရဖို့ လိုအပ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

 

အမေရိကန်၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ဟာ ၁၅ လကြာ ဂါဇာစစ်ပွဲအဆုံးသတ်နိုင်ဖို့ ကြားဝင်စေ့စပ်ပေးမှုတွေ လုပ်ဆောင်နေပြီး စစ်ပွဲစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ ဟားမက်စ်တို့ရဲ့ ဖမ်းဆီးတာခံထားရတဲ့ အစ္စရေးဓားစာခံတွေ ပြန်လည်လွတ်မြောက်ရေးကိုလည်း အလေးထား လုပ်ဆောင်နေတာပါ။

 

ဟားမက်စ်တို့ဆီမှာ အခုအချိန်ထိ အစ္စရေးဓားစာခံ ၁၀၀ နီးပါးကျန်နေသေးပြီး သုံးပုံတစ်ပုံကတော့ သေဆုံးသွားပြီလို့ အစ္စရေးစစ်တပ်က ယူဆထားပါတယ်။

 

လက်ရှိမှာ ဟားမက်စ်တို့ဘက်က သဘောတူညီထားတဲ့ အပစ်ရပ်စဲရေးမူကြမ်းဟာ အမေရိကန်လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ အမေရိကန်လုံခြုံရေးကောင်စီတို့က ရေးဆွဲပေးခဲ့တဲ့ မူဘောင်အပေါ် အခြေခံထားတာဖြစ်ပြီး အဆင့်သုံးဆင့် ပါဝင်တယ်လို့ သိရပါတယ်။

 

အဆင့် တစ်ဟာ ခြောက်ပတ်ကြာမြင့်မှာဖြစ်ပြီး အဓိကအားဖြင့် ဟားမက်စ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံ ၃၃ ဦး (အမျိုးသမီးစစ်သည်တွေပါ ပါဝင်) ကို ပါလက်စတိုင်းအကျဉ်းသားတွေနဲ့ အပြန်အလှန်လဲလှယ်ဖို့၊ ပါလက်စတိုင်းကလူတွေ နေရပ်ပြန်နိုင်ဖို့အတွက် လူဦးရေထူထပ်ရာနေရာတွေကနေ အစ္စရေးတပ်တွေ ဆုတ်ခွာဖို့နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ တိုးမြှင့်ပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

 

အဆင့် နှစ်မှာ အဓိကအားဖြင့် ဟားမက်စ်တို့လက်ထဲမှာ ကျန်ရှိနေသေးတဲ့ ဓားစာခံတွေ ထပ်မံလွှတ်ပေးဖို့နဲ့ အစ္စရေးတပ်တွေ (ဂါဇာဒေသက) အလုံးစုံ ဆုတ်ခွာပေးဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

 

နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့်သုံးမှာတော့ အဓိကအားဖြင့် သေဆုံးသွားတဲ့ ဓားစာခံတွေရဲ့ ရုပ်အလောင်းတွေ ပြန်လည်လွှဲပြောင်းပေးဖို့နဲ့ ဂါဇာဒေသကို  နိုင်ငံတကာရဲ့ ကြီးကြပ်မှုအောက်မှာ သုံးနှစ်ကနေ ငါးနှစ်အတွင်းပြန်လည်တည်ဆောက်ရေးလုပ်ဖို့ စတဲ့အစီအစဉ်တွေ ပါဝင်ပါတယ်။

 

ဒါ့ပြင် အဆင့် တစ်ကို ဖော်ဆောင်နေစဉ်မှာ အစ္စရေးက ဖီလာဒဲလ်ဖီးယားစင်္ကြံကို ဆက်လက်ထိန်းချုပ်ထားမှာဖြစ်ပြီး အဆင့်တစ် ၄၂ ရက်တာအတွင်းမှာ အဆင့်နှစ်အတွက် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

 

အဆင့်တစ် လုပ်ဆောင်ပြီးတဲ့ အချိန်အထိလည်း အပစ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတာမျိုး လုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

 

ဒါကြောင့် အဆင့်တစ် ဖော်ဆောင်ပြီးစဉ်မှာ အစ္စရေးဘက်က တိုက်ပွဲတွေ ပြန်လည်စတင်လာနိုင်တယ်ဆိုတဲ့အချက်နဲ့ ဂါဇာဒေသထိန်းချုပ်ရေးကို ဟားမက်စ်တွေဘက်က လုပ်ဆောင်လာနိုင်တယ်ဆိုတဲ့ အချက်တွေကိုလည်း စိုးရိမ်မှုတွေရှိနေပါတယ်။

 

ဒါ့ပြင် အမေရိကန်သမ္မတသစ်အဖြစ် ဒေါ်နယ်ထရမ့် ကျန်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မတိုင်ခင်မှာ အပစ်ရပ်စဲရေးလုပ်ဆောင်နိုင်ဖို့အတွက် အစ္စရေးနဲ့ ဟားမက်စ်တို့အပေါ်  ဖိအားတွေလည်း ရှိနေပါတယ်။

 

အပစ်ရပ်စဲရေးဆွေးနွေးပွဲကို ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း သံတမန်လည်း တက်ရောက်ခဲ့ပြီး ထရမ့်ကလည်း အပစ်ရပ်စဲရေးဟာ နီးကပ်နေပြီဖြစ်ပြီး တစ်ပတ်အတွင်းမှာ ဖြစ်လာနိုင်တယ်လို့ တနင်္လာနေ့ ဇန်နဝါရီ ၁၃ ရက်နေ့ နှောင်းပိုင်းမှာ ပြောဆိုပါတယ်။

 

အပစ်ခတ်ရပ်စဲရေးညှိနှိုင်းမှု လုပ်ဆောင်နေပေမဲ့ ဂါဇာဒေသကို အစ္စရေးဘက်က တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမှုကြောင့် အရပ်သားသေဆုံးမှုတွေက ဆက်လက်မြင့်တက်နေပါတယ်။

 

ဂါဇာကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းဘက်က လူပေါင်း ၄၆,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထက်ဝက်ကျော်က အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

 

လက်ရှိမှာတော့ ကာတာဘက်က ဆွေးနွေးညှိနှိုင်းမှု တိုးတက်ခဲ့ပြီး သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ ပြောဆိုသလို ဟားမက်စ်တွေဘက်ကလည်း ဆွေးနွေးညိနှိုင်းမှုက နောက်ဆုံးအဆင့်ရောက်နေပြီလို့ ပြောဆိုပါတယ်။

 

ဒါပေမဲ့ အစ္စရေးဘက်ကတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုတာမရှိသေးပါဘူး။

 

ဓာတ်ပုံ- AP Photo/Abdel Kareem Hana

 

ပုံစာ- Deir al-Balah မြို့က Al-Aqsa Martyrs ဆေးရုံကို အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသွားတဲ့ မိန်းကလေးငယ်ကို ပွေ့ချီထားသူတစ်ဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့မြင်ရစဉ်

 

ကိုးကား- AP News