လွိုင်ကော်မှာ ဒုစစ်ခေါင်းဆောင်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်
ကရင်နီ(ကယား)ပြည်၊ လွိုင်ကော်မြို့မှာ ၇၃ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားတက်ရောက်ဖို့ ရောက်ရှိနေတဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)အဖွဲ့ က ဒီကနေ့ ဇန်နဝါရီ ၁၅ မှာ သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ အာဏာသိမ်းပြီးနောက် ဒုချုပ် စိုးဝင်းအနေနဲ့ သုံးကြိမ်မြောက် တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခန့်က ညစာစားပွဲကျင်းပနေတဲ့ ကရင်နီ(ကယား)ပြည်ခန်းမအတွင်း ၁၀၇ မမရှော့တိုက်ဒုံး ငါးလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တစ်ချိန်တည်းမှာပဲ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်-ဒကစ(လွိုင်ကော်)အတွင်းကိုလည်း ၁၀၇ မမ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ရှော့တိုက်ဒုံး ခုနစ်လုံးမှာ ခြောက်လုံးကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့သလို မစ်ရှင်ကိုခက်ခဲစွာဖော်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ထိခိုက်ပျက်ဆီးမှုတွေနဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ BWM က ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့က ရဲဘော်တွေအားလုံးတော့ ဘေးကင်းလုံခြုံရာနေရာအသီးသီးကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ ဆက်လက်အသိပေးထားပါတယ်။
မနေ့က တိုက်ခိုက်မှုတွေကို BWM အဖွဲ့ရဲ့ ဦးဆောင်စီမံမှုတွေနဲ့အတူ Mountain Knight Civilian Defense Forces(MKCDF)အဖွဲ့ ၊ Anti-Coup People’s Liberation Force – ACPLF အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒုစစ်ခေါင်းဆောင် စိုးဝင်းကို ပြီးခဲ့တဲ့နှစ် ဧပြီလ ၈ ရက်နေ့က မွန်ပြည်၊ မော်လမြိုင်မြို့၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ)တိုင်းရုံးကို ရောက်ရှိနေချိန် ကာမီကာဇေဒရုန်းနှစ်စင်းနဲ့ Alpha Bats Drone Force က တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရောက်ရှိနေချိန် Twenty four Drone တပ်ဖွဲ့က ဒရုန်းနှစ်စင်းနဲ့ တိုက်ခိုက်တာခံခဲ့ရပါတယ်။
ဓာတ်ပုံ – Brave Warriors for Myanmar (BWM)