၂၀၂၄ ကိုပါအမေရိက ချန်ပီယံ ဘယ်သူဖြစ်မလဲ..?

Author မောင်ရှမ်း
Categories
Published on Jul 14, 2024

ယူရို ၂၀၂၄ နဲ့အပြိုင် ကျင်းပခဲ့တဲ့ တောင်အမေရိက အသင်းတွေရဲ့  ကိုပါအမေရိကဖလားကလည်း ဗိုလ်လုပွဲအဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ဇူလိုင် ၁၅ ရက် မြန်မာစံတော်ချိန် နံနက် ၆ နာရီခွဲမှာ ယှဉ်ပြိုင်ကစားကြဖို့ ရှိနေပါတယ်။ ဆီမီးဖိုင်နယ်အဆင့်မှာ အာဂျင်တီးနားက ကနေဒါကို ၂ ဂိုးပြတ်နဲ့ အနိုင်ယူကာ ဗိုလ်လုပွဲတက်လာခဲ့တာဖြစ်ပြီး ကိုလံဘီယာကတော့ ဥရုဂွေးကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်အတွက် CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်က ဘယ်လိုဖြစ်မလဲ။ ဘယ်အသင်း နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ။ ကြည့်လိုက်ကြရအောင်

****************************************

 

အာဂျင်တီးနားအသင်းဟာ လက်ရှိချန်ပီယံဖြစ်သလို ကိုပါအမေရိကဖလားသမိုင်းမှာ ဥရုဂွေးနဲ့အတူ ၁၅ ကြိမ် ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပြီး ဒီနှစ်မှာ ချန်ပီယံဖြစ်မယ်ဆိုရင်တော့ အအောင်မြင်ဆုံးအသင်းအဖြစ် စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ဒီနှစ်ကိုပါပြိုင်ပွဲမှာ အုပ်စုတွင်း ၃ ပွဲလုံးအနိုင်ရခဲ့ပြီး ပေးဂိုးလုံး၀မရှိခဲ့သလို ကွာတားဖိုင်နယ်ရောက်မှသာ ပေးဂိုး ၁ ဂိုးခွင့်ပြုခဲ့ရပြီး ဆီမီးအဆင့်မှာလည်း ဂိုးမပေးခဲ့ရတာကြောင့် ပြိုင်ပွဲတစ်လျှောက်လုံးမှာ ခံစစ်ပိုင်းက ပေးဂိုး ၁ ဂိုးတည်းသာ ရှိခဲ့တာ ဖြစ်ပါတယ်။ တိုက်စစ်ကတော့ ၅ ပွဲမှာ ၈ ဂိုးသွင်းထားနိုင်ခဲ့ပြီး လော်တာရို မာတီနက်ဇ် တစ်ဦးတည်းက လေးဂိုး သွင်းထားနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ မက်ဆီလည်း ဂိုးပေါက်ပြန်တွေ့ခဲ့ပြီဖြစ်လို့ အာဂျင်တီးနားအနေနဲ့ ချန်ပီယံဆုကို ကာကွယ်ဖို့အတွက် အသင့်ရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

 

ကိုလံဘီယာကတော့ ကိုပါအမေရိကဖလားသမိုင်းတစ်လျှောက်မှာ  တစ်ကြိမ်သာ ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကို ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ကိုလံဘီယာဟာ ကစားပုံ မာကျောလွန်းတဲ့ အသင်းဖြစ်ပြီး ဥရုဂွေးလိုအသင်းကို မိနစ် ၅၀ နီးပါး တစ်ယောက်လျော့နဲ့ ခံကစားကာ အနိုင်ယူခဲ့တဲ့ အသင်းဖြစ်ပါတယ်။ ကိုလံဘီယာ အသင်းခေါင်းဆောင် ဂျိမ်းစ် ရိုဒရီဂွက်စ် အထူးခြေစွမ်းပြနေပြီး ဂိုးဖန်တီးမှု ၆ ကြိမ်နဲ့ ကိုပါသမိုင်းမှာ ပြိုင်ပွဲတစ်ခုအတွင်း ဖန်တီးမှုအများဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်း ဝင်ထားခဲ့ပါတယ်။

 

အချုပ်အားဖြင့် ဆိုရရင်တော့ ကိုလံဘီယာအနေနဲ့ မာကျောမှုရှိတာ မှန်ပေမယ့် အာဂျင်တီးနားကို ခံစစ်ပုံစံနဲ့ပဲ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ အာဂျင်တီးနားအနေနဲ့ မိနစ် ၉၀ အတွင်း ဂိုးမသွင်းနိုင်ခဲ့ရင် ပင်နယ်တီအဆုံးအဖြတ်ခံယူချိန်မှာလည်း မာတီနက်ဇ်လို ဂိုးသမားမျိုး ပိုင်ဆိုင်ထားတာကြောင့် လက်ရှိချန်ပီယံဆုကို ကာကွယ်သွားနိုင်ဖို့ ရာခိုင်နှုန်းများနေပြီး ကိုလံဘီယာကတော့ ဒုတိယဆုနဲ့ပဲ ကျေနပ်ရဖွယ် ရှိနေပါတယ်။

 

ခန့်မှန်းချက် – အာဂျင်တီးနား ၁ – ၀ ကိုလံဘီယာ

 

ဓာတ်ပုံ – Opta