စဉ့်ကူးမှာ စစ်ကောင်စီ လက်နက်ကြီး နေအိမ်ပေါ်ကျလို့ ၈ နှစ်ကလေးအပါအဝင် သုံးဦး သေဆုံး

Published on Jun 14, 2024

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ တောင်အင်းကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီတပ်ဟာ ဇွန် ၁၂ ရက် မနက် ၇ နာရီခွဲက ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲဒီရွာထဲက နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထဲမှာ ရှိနေတဲ့ ဦးနန်းအောင် (၅၃ နှစ်)နဲ့ ဦးအောင်ဒင် (၅၁ နှစ်)တို့ထိမှန်သေဆုံးခဲ့တယ်လို့  မြို့နယ်ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီကနေ သိရပါတယ်။

 

အလားတူ ဇီးကုန်းကျေးရွာဘက်ကိုလည်း နေ့လယ် ၁ နာရီခန့်မှာ ထပ်မံပစ်ခတ်ခဲ့လို့ မောင်ဆန်းထွဋ် (၈ နှစ်) ထိမှန်သေဆုံးခဲ့သလို စစ်ရှောင်လာသူ ကျွန်းဦး ရွာသား ကိုချစ်ခိုင်(၅၁ နှစ်)နဲ့  ရွာသာရွာက မောင်ဖိုးကွန်း(၁၀ နှစ်) ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

“ ဘုန်းကြီးကျောင်းဘေးက အိမ်ပေါ်ကိုကျတာ။ ၁၂၀ မမနဲ့ ၁၄ ချက်။ ၈၁ မမနဲ့က ခြောက်လုံး ပစ်တာ။ အိမ်ထဲနေရင်း မှန်ကြတာ။ သေဆုံးကလေးက အိမ်ထဲ အဘိုးအဘွားနဲ့နေရင်း မှန်တာ” လို့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုသံမဏိက CJ Platform ကိုပြောပါတယ်။

 

လက်နက်ကြီးနဲ့ပစ်လို့ သေဆုံးသွားတဲ့ ဦးနန်းအောင်၊ ဦးအောင်ဒင်တို့ကို ဇွန်လ ၁၂ ရက် နေ့လယ်ပိုင်းမှာ သင်္ဂြိုလ်ခဲ့ပြီး မောင်ဆန်းထွဋ်ကိုတော့ ဇွန်လ ၁၃ ရက် မွန်းတည့် ၁၂ နာရီခန့်မှာ မြေချသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ဇွန်လ ၁၁ ရက် မနက် ၇ နာရီလောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ CDM ကျောင်းဆရာမ ဒေါ်မေဇင်ဝင်း ထိမှန်သေဆုံးပြီး ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

ဓာတ်ပုံ-ပေးပို့