မြန်မာနဲ့ လာအိုက ရွှေ့ပြောင်းလုပ်သား ၆ ဦးကို နို့မှုန့်အတုဖြန့်ဖြူးမှုနဲ့ ထိုင်းရဲဖမ်းဆီး

Author အဂ္ဂ
Categories
Published on Jun 14, 2024

 

ထိုင်းနိုင်ငံက စားသုံးသူအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့(CPPD)ဟာ ဗီယက်နမ်နိုင်ငံကတင်သွင်းလာခဲ့တဲ့ နို့မှုန့်အတုတွေ ဖြန့်ဖြူးနေတဲ့ မြန်မာနဲ့ လာအိုနိုင်ငံတို့က ရွှေ့ပြောင်းလုပ်သား ခြောက်ဦးကို ဖမ်းဆီးခဲ့တယ်လို့ မနေ့ ဇွန် ၁၃ ရက်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

 

စမွတ်ပရာကန်(Samut Prakan)မှာရှိတဲ့ ဂိုဒေါင်တစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့စဉ်မှာ ဘတ် ၁၈ သန်းဖိုး တန်ကြေးရှိတဲ့ နို့မှုန့်အတုတွေနဲ့အတူ အဆိုပါ ရွှေ့ပြောင်းလုပ်သားခြောက်ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

 

CPPD က တာဝန်ရှိသူတွေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန(FDA)က တာဝန်ရှိသူတွေပါဝင်တဲ့အဖွဲ့ဟာ ဖရာပရော့ဒင်(Phra Pradaeng)ခရိုင်၊ ဘန်ခရူ(Bang Khru)မြို့နယ်ထဲမှာရှိတဲ့ ဂိုထောင်အတွင်းကနေ နို့မှုန့်နဲ့ ဖြည့်စွက်အစားအစာ ထုတ်ကုန်ပစ္စည်းအမျိုးအစားပေါင်း(၄၁)မျိုးကို ဘူးအရေအတွက် (၂၀,ဝ၀ဝ) ဝန်းကျင်အထိ သိမ်းဆည်းရမိခဲ့တယ်လို့ CPPD တပ်မှူး ဗိုလ်မှူးကြီး ဝိသယာ ဆရီပရာဆာ့ဘ် (Witthaya Sriprasertparb)က ပြောသွားပါတယ်။

 

ထိုင်းနိုင်ငံ FDA ကတာဝန်ရှိသူတွေက ကြော်ငြာဝက်ဘ်ဆိုက်တစ်ခုမှာ နို့မှုန့်တွေဟာ အလွန်ကိုပဲ အကျိုးကျေးဇူးများတယ်ဆိုပြီး ချဲ့ကားကြော်ငြာနေတာကို တွေ့ခဲ့ပြီးတဲ့နောက်မှာ အခုလို ဝင်ရောက် စီးနင်းခဲ့တာလည်း ဖြစ်ပါတယ်။ ကြော်ငြာတွေထဲမှာ ဒီနို့မှုန့်တွေဟာ အမေရိကန် FDA အသိအမှတ်ပြုဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာ နံပါတ် ၁ ရောင်းအားအကောင်းဆုံးဖြစ်တယ်လို့ ဆိုထားပြီး လူမှုကွန်ရက်မျိုးစုံမှာ ကြော်ငြာပြီးရောင်းချနေတယ်လို့လည်း သိရပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေ ရှာဖွေသိမ်းဆည်းရမိတဲ့ ဘူးတွေထဲမှာဆိုရင် တံဆိပ်ရှစ်မျိုးကပ်ထားတဲ့ နို့မှုန့်ဘူးပေါင်း (၁၂,၆၂၅) ဘူး၊ ကလေးတွေအတွက်ဖြည့်စွက်အာဟာရထုတ်ကုန် (၁,၇၇၆) ဘူး၊ မှတ်ပုံတင်မထားတဲ့ ဆေးဝါး အမျိုးအစားပေါင်း (၃,၆၆၀) နဲ့ ဗီတာမင်ထုတ်ကုန် (၉၅) မျိုးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

 

ဂိုထောင်ကို ဝင်ရောက်စီးနင်းစဉ်မှာ ကုန်ပစ္စည်းတွေနဲ့အတူ မြန်မာနဲ့ လာအိုက ရွှေ့ပြောင်းအလုပ်သမား ခြောက်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး အဆိုပါခြောက်ဦးစလုံးကို မှတ်ပုံတင်မထားတဲ့ ကုန်ပစ္စည်းတွေ ဖြန့်ဖြူးရောင်းချတဲ့အမှုနဲ့ အလုပ်လုပ်ကိုင်ခွင့် (Work Permit) မရှိဘဲ အလုပ်လုပ်ကိုင်မှုတို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

 

CPPD ဌာနခွဲ(၄)က တာဝန်ခံ ဗိုလ်မှူးကြီး ဗီရာဖုန်ခလိုင်းထုန်(Veeraphong Khlaithong)ကတော့ ဗီယက်နမ်နိုင်ငံကပစ္စည်းတွေ အခုလိုမှောင်ခိုတင်သွင်းရောင်းချတာရဲ့ နောက်ကွယ်မှာ ဗီယက်နမ်နိုင်ငံသားတွေက ကြိုးကိုင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေ မရောင်းချခင်မှာ သိုလှောင်ဖို့အတွက် ဂိုထောင်တွေကိုလည်း ငှားထားကြတာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

 

“ဒီပစ္စည်းတွေကို ဝယ်ဖို့စိတ်ဝင်စားတဲ့သူတွေဟာ သူတို့တွေရဲ့ နာမည်၊ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို ဝက်ဘ်ဆိုက်ထဲမှာ ဖြည့်ပေးရပါတယ်။ အဲဒီလိုဖြည့်ထားပြီးရင် ရောင်းချသူတွေဘက်က ပိုပြီး ဝယ်နိုင်လောက်မယ်လို့ ယူဆတဲ့သူတွေဆီကို ဖုန်းဆက်ပြီး ပစ္စည်းကောင်းကြောင်း ရှင်းပြပြီး ပိုများတဲ့ ပမာဏတွေကို ဝယ်ဖြစ်အောင် ဆွဲဆောင်တာမျိုးလုပ်ကြတာပါ” လို့ သူက ဆက်ရှင်းပြပါတယ်။

 

ဝယ်သူတွေလက်ထဲ ပစ္စည်းတွေရောက်ပြီးလို့ နှစ်ပတ်သုံးပတ်လောက်ကြာရင် ရောင်းလိုက်တဲ့ဘက်က အရောင်းဝန်ထမ်းတွေက ပြန်လည်ဆက်သွယ်ပြီး ပစ္စည်းသုံးစွဲမှုအခြေအနေကို မေးမြန်းတာ၊ နောက်ထပ်ထုတ်ကုန်တွေကို ထပ်ပြီးဝယ်ယူဖို့ ကမ်းလှမ်းတာမျိုးတွေလည်း လုပ်လေ့ရှိပြီး တစ်လကို ပစ္စည်းအရေအတွက် ၃,ဝ၀ဝ ကနေ ၆,ဝ၀ဝ လောက်အထိ ရောင်းချရတယ်လို့လည်း သိရပါတယ်။

 

သူတို့တွေရောင်းချတဲ့ နို့မှုန့်နဲ့ အခြားဖြည့်စွက်ထုတ်ကုန်တွေရဲ့ တန်ဖိုးဟာ တစ်ဘူးကို ဘတ် (၁,ဝ၉၀) ကနေ (၁,၁၉၀) ဝန်းကျင် ပေါက်ဈေးရှိပါတယ်။

 

ကုန်ပစ္စည်းတွေရဲ့ ပင်မပိုင်ရှင်တွေဖြစ်တဲ့ ဗီယက်နမ်နိုင်ငံက ပိုင်ရှင်တွေဟာ တစ်လကို တစ်ကြိမ်လောက် ထိုင်းနိုင်ငံကိုလာလေ့ရှိပြီး လိုအပ်တာတွေကို လုပ်ကိုင်ဆောင်ရွက်တယ်လို့လည်း ဆိုပါတယ်။ သူတို့တွေဟာ ထိုင်း FDA ကအသိအမှတ်ပြုမထားတဲ့ နို့ထွက်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ထိုင်းအာဏာပိုင်တွေရဲ့ သတိပေး အရေးယူမှုတွေကနေ ရှောင်ထွက်နိုင်ဖို့ လိုအပ်တာတွေ ပြင်ဆင်ထားလေ့ရှိတယ်လို့လည်း သိရပါတယ်။

 

အကယ်၍ သူတို့တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ ထိုင်းအာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေး အရေးယူခံရတော့မယ့် အခြေအနေမျိုးကြုံလာရင် ပစ္စည်းတွေကို တခြားနေရာတွေကို ရွှေ့ပြောင်းတာမျိုးကအစ ကြိုတင်ပြင်ဆင်ထားလေ့ရှိတယ်လို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

 

ဓာတ်ပုံ – Wassayos Ngamkham

 

ကိုးကား- Bangkok Post