လှိုင်သာယာမှာ ဆယ်အိမ်မှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

Author ကိုထက်
Categories
Published on May 14, 2024

ရန်ကုန်မြို့၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၆ ရပ်ကွက်က ဆယ်အိမ်မှူးတစ်ဦးဟာ မနေ့(မေလ ၁၃)ရက် နေ့လယ်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အသက် ၂၄ နှစ်အရွယ်၊ စစ်ကောင်စီလက်အောက်ခံ ဆယ်အိမ်မှူး အောင်ကျော်ထူးဆိုသူဟာ ‌အမှတ် ၆ ရပ်ကွက် အောင်မြေသာယာဘုရားလမ်းမှာ ဆိုင်ခင်းနေစဉ် အမည်မသိသေနတ်သမားနှစ်ဦးက ပစ်ခတ်သွားတာလို့ မျက်မြင်တွေ့လိုက်ရသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“သူက ကုန်စိမ်းဆိုင်ဖွင့်တာလေ။ မနေ့နေ့ခင်း ၂ နာရီခွဲလောက်က ဆိုင်ခင်းနေတုန်း Mask တွေတပ်ထားတဲ့လူနှစ်ယောက်က အနီးကပ်ပစ်သွားတာ။ ပွဲချင်းပြီးပဲ။ သေနတ်ဒဏ်ရာလည်း နည်းနည်းများတယ်” လို့ သူက ပြောပါတယ်။

 

ပစ်ခတ်မှုအပြီး အဲဒီနေရာကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ဘေးပတ်ဝန်းကျင်ကို မေးမြန်းတာတွေ၊ ရှာဖွေစစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

 

အခုပစ်ခတ်မှုကို ဘယ်အဖွဲ့က လုပ်ခဲ့သလဲဆိုတာကိုတော့ ထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းထဲ လှိုင်သာယာမှာ စစ်မှုထမ်းဥပဒေကို ဖော်ဆောင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးခွဲတိုက်ခိုက်ရတဲ့ဖြစ်စဉ်တွေလည်း ရှိနေတာပါ။

 

ပြီးခဲ့တဲ့လပိုင်းတွေတုန်းကလည်း စစ်မှုထမ်းဥပဒေဖော်ဆောင်တဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် ၃၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ အင်းစိန် ပေါက်တောရပ်ကွက်က အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်