ဖလမ်းမှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

Author ဆလိုင်း
Categories
Published on May 14, 2024

ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) တို့ ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မနေ့က မေလ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲလောက်က ဖလမ်းမြို့ စျေးဟောင်းရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးခဲ့သလို ကလေးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံ အမျိုးသား တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“CNDF ရဲဘော်တွေက မြို့ထဲဝင်လာလို့ စစ်သားတွေက ပစ်တာ။ နှစ်ဖက် အပြိုင်အလှန် ပစ်ခတ်ရင်း စစ်သားတစ်ယောက် သေတယ်။ အသက် ၇ နှစ် ကလေး တစ်ယောက် ခြေထောက် ကျည်ထိမှန်တယ်။”လို့ သူက ပြောပါတယ်။

 

အဲဒီ ထိခိုက်ဒဏ်ရာရတဲ့ ကလေးဟာ အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

 

ဖလမ်းမှာ မြို့တွင်း စစ်ဆင်ရေးအတွက် ရဲဘော်တွေဟာ သွားရောက်ပြင်ဆင်စဥ် စစ်ကောင်စီရဲ့ ကင်းပုန်းနဲ့ ထိတွေမှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ CNDF တာဝန်ရှိသူ တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကျွန်တော်တို့က မြို့တွင်း စစ်ဆင်ရေးအတွက် လိုအပ်တာတွေ သွားပြင်ဆင်တာ ရုတ်တရက် စစ်ကောင်စီ ကင်ပုန်းနဲ့တိုးပြီး ပစ်ခတ်မှု ဖြစ်သွားတာပါ။ စစ်ကောင်စီဘက်က တစ်ဦးသေတယ်။”လို့ သူက ပြောပါတယ်။

 

ဖလမ်းမှာ စစ်ကောင်စီက မြို့ပေါ်ကို ထိန်းချုပ်ထားဆဲဖြစ်ပြီး CNDF တပ်ဖွဲ့ဟာ နယ်ကျေးရွာတွေကို အပြည့်အဝ ထိန်းချုပ်ထားပါတယ်။

 

ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သိမ်း တိုက်ပွဲမှာ CNDF တပ်ဖွဲ့လည်း ချင်းညီနောင်အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပါတယ်။

 

ဓာတ်ပုံ – CNDF