မန္တလေး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဆိုင်ကယ်အပ်နှံသည့်နေရာများတွင် ပေါက်ကွဲမှုဖြစ် ၁၀ဦးဝန်းကျင်ထိခိုက်

Author အညာသား
Categories
Published on Apr 14, 2024

မန္တလေး မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဆိုင်ကယ်အပ်နှံသည့်နေရာများတွင် ယနေ့ ဧပြီ ၁၄ရက် သင်္ကြန်အကျနေ့ နံနက် ၁၀နာရီဝန်းကျင်အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ ၁၀ဦးဝန်းကျင် ထိခိုက်မှုရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

 

မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်တည်ဆောက်ထားသည့် စည်ပင်ရုံးနောက်ကျော ၂၇လမ်းနှင့် ၇၁လမ်းရှိ ဆိုင်ကယ်အပ်နှံထားရှိရာ နေအချို့တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

“မနက်က လက်ဖက်ရည်ဆိုင်သွားတာ ပေါက်ကွဲသံအကျယ်ကြီးကြားလို့ နန်းတော်ဆေးရုံနားကနေ ပြန်လှည့်ခဲ့ရတယ်။ ဆိုင်ကယ်ထားတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်တာလို့ သိရတယ်။ အဲ့နားမှာရှိတဲ့ မြင်တဲ့သူတွေပြောတာတော့ အကုန်လွင့်ထွက်ကုန်တာ တော်တော်ပြင်းတယ် သေလောက်တဲ့ထိဖြစ်နိုင်တယ်”ဟု ချမ်းအေးသာစံမြို့နယ် စည်ပင်ရုံးအနီးနေထိုင်သူ မြို့ခံတစ်ဦးက ပြောသည်။

 

ထိခိုက်ဒဏ်ရာရရှိမှု ၁၀ဦးဝန်းကျင်ရှိပြီး အရေအတွက်အတိကျနှင့် အသေးစိပ်အခြေအနေများကို CJ Platformအနေဖြင့် ဆက်သွယ်စုံစမ်းလျက်ရှိပြီး ထိခိုက်သူများတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးအချို့လည်းပါဝင်သည်ဟု သိရသည်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

 

စစ်ကောင်စီသည် မန္တလေးသင်္ကြန်ပွဲတော်ကို ယခင်နှစ်များကထက် စည်ကားအောင် ကျုံးဘေးအပါအဝင် အခြားနေရာများတွင်လည်း စီးပွားရေးလုပ်ငန်းရှင်များအား သင်္ကြန်မဏ္ဍပ်များဆောက်လုပ်စေပြီး သင်္ကြန်ပွဲဖြစ်အောင် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်