ပဋိပက္ခတွေကြောင့် ပျောက်ဆုံးလာနိုင်တဲ့ “ယော”တို့ရဲ့ ရိုးရာဓလေ့


“ဒါက လူမျိုးတစ်မျိုးလုံးနဲ့ဆိုင်တဲ့ကိစ္စ ဖြစ်သွားတာ။ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ရိုးရာတွေကို ထိန်းသိမ်းဖို့က လိုအပ်တယ်။ ကိုယ်တွေကိုယ်တိုင်ကအစ ယောရိုးရာဓ​လေ့တွေကို သေချာလေ့လာဖို့ လိုအပ်နေသေးတယ်” လို့ ယောဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

 

မကွေးတိုင်း၊ ထီးလင်း၊ ကျောက်ထု၊ ဆော စတဲ့မြို့နယ်တွေမှာ နိုင်ငံရေးပဋိပက္ခတွေအပြင် လေကြောင်းအန္တရာယ်၊ နေရပ်စွန့်ခွာရမှု၊ ကုန်ဈေးနှုန်းတွေကြောင့် တချို့ ယောရိုးရာဓလေ့တွေကို မထိန်းသိမ်းနိုင်ဘဲ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

 

အာဏာမသိမ်းမီ ကာလများတွင် ယောဒေသမှာ ဒေသထွက်ကုန်အနေနဲ့ ပင်နီဖျင်ကြမ်း၊ ချည်ကြီးလုံချည်၊ ချည်ကြီးအင်္ကျီ၊ နှစ်နင်းအိပ်ရာခင်းစောင်၊ လေးနင်းစောင်၊ သပွတ်စောင်၊ ယောလုံချည်၊ ယောပုဆိုး အစရှိတဲ့ ချည်နဲ့ပြုလုပ်ရတဲ့ ဒေသထွက်ကုန်များစွာ ရှိခဲ့ပါတယ်။

 

“ဝါဆွတ်ပြီးပြီဆိုရင် ဝါကြိတ်ကြရတယ်။ ဝါကြိတ်ပြီးရင် ဗိုင်းလိမ့်ကြရတယ်၊ ဗိုင်းငင်ရတယ်၊ ပြီးရင် ချည်ချရတယ်၊ ပြီးမှ ချည်မရှုပ်အောင် ချည်ဇာသတ်ရတယ်။ အခုခေတ်လူငယ်တွေက ဒါမျိုးတွေ မမြင်ဖူးကြတော့ဘူး။ ပျောက်ကွယ်သလောက် ဖြစ်နေပါပြီ။ ကျွန်မတို့ခေတ်က ရက်ခဲ့ကြတဲ့ ချည်ကြီးလုံချည်၊ အင်္ကျီ၊ ပင်နီဖျင်ကြမ်းတွေက အရည်အ​သွေးကောင်းပေမယ့် ရောင်းလို့မရခဲ့ဘူးလေ။ ကိုယ့်ဘာသာ ဝတ်ကြရတာများတော့ နောက်ပိုင်း မလုပ်ကြတော့တာ” ဟု ဒေသခံအမျိုးသမီးက ပြောပါတယ်။

 

ယောဒေသဟာ အလှူအတန်းရက်ရောကြတဲ့ ဒေသဖြစ်ပြီး သီးနှံရိတ်သိမ်းပြီး စပါးပေါ်စ နွေရာသီကာလတွေမှာ သားရှင်ပြုပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပကြပြီး စည်းလုံးညီညွတ်မှု ရိုင်းပင်ကူညီမှု ပြယုဂ်တွေအနေနဲ့ အလှူတစ်အိမ်ပြီးတစ်အိမ် ပေါက်ပေါက်လှော်ကူကြတာ၊ ပေါက်ပေါက်ဆုပ်တွေကို လူတွေအများကြီးဝိုင်းပြီး ဆုပ်ကူကြတာ၊ မုန့်လေပွေကျင်းကြတာ စတဲ့ ရိုးရာဓလေ့တွေ ထွန်းကားတဲ့ဒေသ ဖြစ်ပါတယ်။

“ပေါက်ပေါက်နဲ့ မုန့်လေပွေဆိုတာ အလှူမှာ မပါမဖြစ်ဘဲ။ အလှူလာကြတဲ့ ဧည့်သည်တွေကို ပေါက်ပေါက်နဲ့ မုန့်လေပွေ ကမ်းကြတယ်။ ချစ်စရာဓလေ့ပေါ့။ အာဏာသိမ်းပြီးနောက်ပိုင်း အလှူပွဲတွေ ပါးလာသလို ပေါက်ပေါက်လှော်ကြတာ၊ မုန့်လေပွေကျင်းတာတွေ မလုပ်နိုင်ကြတော့ဘူး။ ပျောက်ကွယ်သွားမှာ စိုးရိမ်ရတယ်” လို့ ဒေသခံပြည်သူ ဦးရဲက ပြောပါတယ်။

 

မကွေးတိုင်း၊ ဆောမြို့နယ်မှာတော့ စစ်ဘေးဒဏ်တွေ၊ နိုင်ငံရေးအခြေအနေတွေအပြင် လေကြောင်းအန္တရာယ်တွေကြောင့် မီးကြာလှည့်ပွဲ၊ ဆီမီးတစ်ထောင် ပန်းတစ်ထောင်ပွဲ၊ ဘုရားပွဲ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ သနပ်ခါးပါးတို့ပွဲတွေ မပြုလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

 

“နိုင်ငံရေး အခြေအနေကြောင့်လို့ပဲ ပြောရမှာပါ။ အဓိကကတော့ စစ်ကြောင်း၊ လေကြောင်းအန္တရာယ်၊ ကုန်ဈေးနှုန်း ကြီးမြင့်မှုပေါ့” လို့ ဒေသခံပြည်သူ ဦးအောင်ထွန်းနိုင်က ပြောပါတယ်။

 

မကွေးတိုင်း၊ ဆောမြို့နယ်မှာလည်း အလားတူအခြေအနေတွေ​​​ကြောင့် သိန်းကျင်ဘုရားပွဲ၊ ထမနဲထိုးပွဲတွေ မလုပ်နိုင်ကြတော့တဲ့အပြင် ဒေသထွက်ကုန်တွေဖြစ်ကြတဲ့ ခမောက်၊ ဖျာ၊ ရေအိုး စတာတွေကို အရင်ကလို မလုပ်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။

“အရင်တုန်းကလောက်တော့ မလုပ်ရဘူး။ ခမောက်နှင့်ဖျာ ဆိုရင် တောထဲမှာ ဝါးသွားခုတ်ရတာဆိုတော့ မိုင်းမိဖူးတာတွေ ရှိနေတော့ တအားမသွားရဲကြဘူး။ သွားလို့ရတဲ့နေရာကပဲ အမြဲဆိုတော့ အရင်တုန်းကလို များများမလုပ်နိုင်ကြတာပါ” လို့ ဒေသခံပြည်သူ မအိယဉ်က ပြောပါတယ်။

 

ယောရိုးရာယဉ်ကျေးမှုတွေဟာ ထိန်းသိမ်းနိုင်သလောက် ထိန်းသိမ်းကြရမှာဖြစ်ပြီး နောက်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပြည်နယ်လွှတ်တော်မှာ လူမျိုးကိုယ်စားပြု ပါဝင်ခွင့်ရဖို့အတွက် လူမျိုးတစ်မျိုးမှာ ရှိရမယ့် အရည်အချင်းတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

“လူငယ်တွေ ရိုးရာဓလေ့တွေကို မေ့ပျောက်ပြီး ယဉ်ကျေးမှုထိန်းသိမ်းမှု မရှိရင် လူမျိုးပျောက်ဖို့အတွက် လမ်းစဖြစ်သွားလိမ့်မယ်။ အဲဒီလိုမဖြစ်အောင် လူငယ်တွေကို မျိုးချစ်စိတ် ထည့်ပေးဖို့လိုတယ်” လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

 

လက်ရှိ ယောဒေသမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာနေပြီး အလုပ်အကိုင်အခွင့်အလမ်းအတွက် မိမိတို့ ဒေသထွက်ကုန်တွေကို ပိုအလေးပေး လုပ်ဆောင်သင့်ပြီး ဒေသတွင်း အလုပ်အကိုင်တွေ ဖန်တီးသင့်တယ်လို့ ဆိုပါတယ်။

 

“အဓိကက လူငယ်တွေ ကိုယ့်ရိုးရာကို ဘယ်လို ခေတ်မီဆန်းသစ်ပြီး ဘယ်လိုဖော်ပြနိုင်အောင် လုပ်ရမလဲဆိုတဲ့ အတွေးနဲ့ အလုပ်အကိုင်ရွေးချယ်တာက ပိုပြီးကောင်းမယ်လို့ ထင်တယ်။ ကိုယ့်လူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုကိုရော တစ်ပါတည်း ထိန်းသိမ်းပြီး အလုပ်အကိုင်အတွက်ပါ အဆင်ပြေမယ်လို့ မြင်တယ်။ ဒါပေမယ့် အခက်အခဲတွေတော့ ရှိနိုင်တာပေါ့” လို့ ဒေသခံလူငယ်တစ်ဦးက ပြောပါတယ်။

 

ဒေသတစ်ခုရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ခေတ်အဆက်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းလာရမှာဖြစ်ပြီး ဒီအချက်တွေက ယဉ်ကျေးမှု အမွေတွေလည်းဖြစ်သလို ဒေသလူမျိုးစုရဲ့ ဝိသေသလက္ခဏာတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဝိသေသလက္ခဏာတွေကပဲ ဒေသချစ်စိတ်နဲ့ မျိုးချစ်စိတ်ကို မြင့်မားလာစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ရိုးရာဓလေ့တွေက ထိန်းသိမ်းသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရိုးရာဓလေ့တွေဆိုတာ လူမျိုးစုတစ်ခုအတွက် ထိန်းသိမ်းထားသင့်တဲ့ အမွေအနှစ်တွေ ဖြစ်လို့ပါ။ လုံခြုံရေးအခြေအနေကို ထည့်တွက်ပြီးတော့ အဖွဲ့လိုက် (ကျောင်းသားအဖွဲ့၊ ကျေးရွာလူငယ်အဖွဲ့) စသည်ဖြင့် အဖွဲ့ငယ်လေးတွေနဲ့ လုပ်ဆောင်ပြီး Online Platform အသုံးပြုပြီး မျှဝေမှုတွေ လုပ်ပေးခြင်းဖြင့် ထိန်းသိမ်းသင့်တယ်လို့ တစ်ကိုယ်စာ မြင်ပါတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

 

ယောလူမျိုးတွေရဲ့ သမိုင်းရာဇဝင်တွေမှာတော့ ယောနကတိုင်းဆိုတဲ့ အမည်နဲ့ မဇ္ဈိမဒေသ မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည်ကြီးရှင် ဘုရင် နဂဒါသမင်းရဲ့ သားတော် ဇလာမိကမင်းသား အမှူးပြုတဲ့ သကျသာကီဝင် အဆက်အနွယ်တို့ကနေ အစပြုပြီး နေထိုင်ခဲ့ရာကနေ ယောလူမျိုးဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

 

အရှိန်မြင့် တောက်လောင်လာတဲ့ စစ်မီး ပဋိပက္ခတွေအကြား “ယော”တို့ရဲ့ ဓလေ့ “ယော”တို့ရဲ့ ယဉ်ကျေးမှုတွေ မပျောက်ကွယ်သွားဖို့ ယောလူမျိုးတွေအပြင် အားလုံးက ဝိုင်းဝန်းပံ့ပိုးဖို့ လိုအပ်ပါတယ်။