ကမ္ဘာ့အပူဆုံးမြို့အဖြစ် မင်းဘူးမြို့ မှတ်တမ်းဝင်၊ ကမ္ဘာ့အပူဆုံး ၁၅မြို့စာရင်းမှာ မြန်မာက ၈မြို့အထိ ပါဝင်လာ


ကမ္ဘာ့အပူချိန်တွေကို အချိန်နဲ့အလိုက် ထုတ်ပြန်နေတဲ့ Eldorado ဝဘ်ဆိုက်စာမျက်နှာကထုတ်ပြန်တဲ့ ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်းမှာ မြန်မာနိုင်ငံက မြို့ ၈ မြို့အထိပါဝင်နေပြီး အပူဆုံးမြို့စာရင်းမှာ ၄၃ ဒီဂရီဆဲလ်စီးယပ်နဲ့ မင်းဘူးမြို့က နံပါတ်တစ်နေရာမှာရှိနေတာကို ဒီကနေ့ ဧပြီ ၁ ရက်နေ့ မြန်မာစံတော်ချိန် ၁ နာရီခွဲမှာ ဖော်ပြပါတယ်။

 

မတ်လ ၃၁ ရက်နေ့က မင်းဘူးမြို့ရဲ့ အမြင့်ဆုံး အပူချိန်ဟာ ၄၂ ဒသမ ၂ ဒီဂရီ ဆဲလ်စီးယပ်အထိရှိနေပြီး ဒီကနေ့မှာတော့ မင်းဘူးမြို့ရဲ့ အပူချိန်ဟာ ၄၃ ဒီဂရီ ဆဲလ်စီးယပ်အထိ ရှိလာပြီး ကမ္ဘာ့အပူချိန်အမြင့်ဆုံးမြို့ထဲမှာ ပထမနေရာ (နံပါတ် ၁) ကို ရောက်ရှိလာတာဖြစ်ပါတယ်။

 

ကမ္ဘာ့အပူဆုံးမြို့စာရင်းတွေထဲမှာ မင်းဘူးအပြင် မကွေး၊ ချောက်၊ တောင်ငူ၊ ပြည်၊ ဟင်္သာတ၊ ဘားအံနဲ့ မိတ္ထီလာ မြို့တွေပါဝင်နေပါတယ်။ အဲဒီထဲက မကွေးမြို့မှာ ၄၁ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် အဆင့် ၃၊ ချောက်မြို့မှာ ၄၁ ဒသမ ၄ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် အဆင့် ၄ နဲ့ တောင်ငူမြို့မှာ ၄၁ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် အဆင့် ၅ နေရာတွေမှာ အသီးသီးရှိနေတာဖြစ်ပါတယ်။

 

ဒါ့အပြင် ပြည်မြို့မှာ ၄၀ ဒသမ ၆ ဒီဂရီ ဆဲလ်စီးယပ်ဖြင့် အဆင့် ၇၊ ဟင်္သာတမြို့၊ ဘားအံမြို့နဲ့ မိတ္ထီလာမြို့တို့မှာလည်း အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ်စီဖြင့် အဆင့် ၁၃၊ ၁၄ နှင့် ၁၅ နေရာတွေမှာ အသီးသီးရပ်တည်နေကြောင်း ဖော်ပြထားပါတယ်။

 

ဒီလိုအပူချိန်မြင့်တက်လာတာနဲ့အတူ မြန်မာနိုင်ငံမှာ အခုရက်ပိုင်းအတွင်း နေ့အပူချိန်တွေ စံချိန်တင် မြင့်တက်ပြီး အပူရှိန်ကြောင့် Heat Stroke ဖြစ်ကာ သေဆုံးတာတွေနဲ့ သတိလစ်မေ့မျောတာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် အပူဒဏ်ကိုသတိပြုနေထိုင်ကြဖို့ အထူးလိုအပ်ပါတယ်။

 

CJ Platform ရဲ့ ခန့်မှန်းချက်တွေအရ ဧပြီလ ၁ ရက်မှ ၇ ရက်နေ့အထိ မြန်မာနိုင်ငံတစ်ဝန်း နေ့အပူချိန်တွေ ဆက်လက်မြင့်တက်နေဦးမှာဖြစ်ပါတယ်။ အထူးသဖြင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီ၊ ရန်ကုန် အတွင်းက ဒေသအများအပြားနဲ့ ကရင်၊ မွန်၊ တနင်္သာရီက ဒေသတချို့မှာ နေ့အပူရှိန် 40°C မှ 42°C အထိ ခံစားရနိုင်ကြောင်း တွေ့ရပါတယ်။

 

တစ်ဖက်မှာလည်း စစ်အုပ်စုလက်အောက်ခံ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်အရ ဧပြီလ ပထမ ၁၀ ရက်အတွင်း တနင်္သာရီတိုင်းမှာ ပျမ်းမျှထက် ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် (သို့မဟုတ်) ၃၅ ဒီဂရီဖာရင်ဟိုက်နှင့်အထက် ပိုနိုင်ပြီး၊ ကျန်တိုင်းနဲ့ ပြည်တွေမှာ ဧပြီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း ဖော်ပြထားပါတယ်။