မွန်မှာ ကွမ်းခြံတွေ ရေသွင်းဖို့ စက်သုံးဆီဝယ်မရတာကြောင့် အပင်တွေ သေဆုံးပြီး တောင်သူတွေ ကွမ်းခြံကို စွန့်ခွာ
မွန်ပြည်မှာ စက်သုံးဆီအခက်အခဲကြောင့် ကွမ်းစိုက်ခင်းတွေကို ရေမသွင်းနိုင်တော့ဘဲ စိုက်ခင်းတွေ ခြောက်သွေ့လာတာကြောင့် ကွမ်းပင်တွေ သေဆုံးပြီး ကွမ်းစိုက်တောင်သူတွေ အနေနဲ့ ကွမ်းခြံတွေကို ပစ်ထားလိုက်ရတဲ့အထိ အခက်ကြုံနေရတယ်လို့ သိရပါတယ်။
အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် စက်သုံးဆီဝယ်ယူခွင့်ကို စစ်ကော်မရှင်က နည်းမျိုးစုံနဲ့ ကန့်သတ်လိုက်ပြီးတဲ့နောက် စိုက်ပျိုးရေးသမားတွေ အနေနဲ့ ရေတင်စက်တွေပါယူဆောင်ပြီး တန်းစီနေရတဲ့အထိ စက်သုံးဆီ ဝယ်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။
“ရေတောင်မသွင်းကြတော့ဘူး ဆီမရလို့။ ကွမ်းစိုက်မို့ လိုတဲ့ဝါးတွေနွားချေးတွေကျဈေးက ၂ ဆ ၃ ဆလောက်တက်။ ဒီလိုပဲပစ်ထားလိုက်ကြတာပေါ့။ ကွမ်းရေသွင်းဖို့ကျ အဲ့လောက်ထိအကုန်မခံဘူးလေ” လို့ သထုံမြို့က ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီလို အခြေအနေမှာ ကွမ်းဈေးကလည်း ယာကွမ်းတစ်ပိဿာကို ၆ ထောင်ကနေ ၇ ထောင်ပဲရှိပြီး ကွမ်းရိုင်း တစ်ပိဿာကို ၂ ထောင်ထိပဲ ဈေးနှုန်းရှိနေတာဖြစ်ပါတယ်။
ဒါပေမဲ့ ကွမ်းပင်အားဖြည့်ရေးအတွက်လိုအပ်တဲ့ မြေဩဇာ၊ ကွမ်းခြံ ဝါးတိုင်နဲ့ နေ့စားလုပ်သားခ ဈေးတွေက ၂ ဆလောက် မြင့်လာတာကြောင့် ကွမ်းခြံတွေကို ပစ်ထားလိုက်ရတာဖြစ်တယ်လို့ ကွမ်းစိုက်တောင်သူတွေက ဆိုပါတယ်။
“မစိုက်တော့ဘူးလေ။ ကွမ်းဈေးက ၇,၀၀၀ ဈေးပဲရှိတယ်။ ဆီမရှိတော့ ရေတွေလည်းမသွင်းရလို့ သေကုန်ပြီ။ အလုပ်သမားတွေကလည်း ခေါ်ရခက်သလားမမေးနဲ့” လို့ သထုံမြို့မှ ကွမ်းစိုက်တောင်သူ တစ်ဦးက CJ Platform ကို ပြောပါတယ်။
စက်သုံးဆီ အခက်အခဲကြောင့် ကွမ်းခြံတွေကို တောင်သူတွေ စွန့်ခွာနေတဲ့အချိန်မှာ မွန်ပြည်က လယ်သမားတွေအနေနဲ့လည်း နွေစပါးတွေ အချိန်မီ ရိတ်သိမ်းဖို့အခက်ကြုံနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆားတောင်သူတွေလည်း ရာသီမပိတ်သိမ်းခင်မှာပဲ လုပ်ငန်းတွေ ရပ်ဆိုင်းရလုနီးပါး ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
လက်ရှိ မွန်ပြည်မှာ ဆီလိုသလောက်ဝယ်မရတာ တစ်လနီးပါး ရှိလာပြီဖြစ်တဲ့အပြင် မှောင်ခိုစျေးကွက်မှာပါ စက်သုံးဆီ တစ်လီတာလျှင် ကျပ်နှစ်သောင်းခွဲနီးပါးအထိ ရောင်းဝယ်နေကြတာကြောင့် တောင်သူတွေအနေနဲ့ ပိုအကြပ်ရိုက်လာကြတဲ့ အခြေအနေဖြစ်နေတာဖြစ်ပါတယ်။
