စစ်မှုထမ်းသက်တမ်းပြည့်သူ အချို့ကို လွှတ်ပေးခဲ့ပြီး အလုပ်အကိုင်ရှာပေးမယ်လို့ စစ်အုပ်စု ဝါဒဖြန့် ၊ ပြန်လွှတ်သူအများစုဟာ စစ်အုပ်စုနဲ့ ပတ်သက်သူတွေဖြစ်တယ်လို့ ဆို
စစ်အုပ်စုက စစ်မှုထမ်းတပ်သားအချို့ကို စစ်မှုထမ်းပြီးဆုံးကြောင်း လက်မှတ် ထုတ်ပေးကာ အလုပ်အကိုင် ရရှိရေးအတွက် စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဒီနေ့ နိုဝင်ဘာ ၁၄ ရက်က စစ်အုပ်စု ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြလာပါတယ်။
ဒါဟာ စစ်မှုထမ်းတပ်သားသစ် ထပ်မံစုဆောင်းနိုင်ဖို့နဲ့ ရွေးကောက်ပွဲ မဲဆွယ်ဖို့အတွက် စစ်အုပ်စုက ဝါဒဖြန့် လုပ်ဆောင်တာသာ ဖြစ်ပြီး စစ်မှုထမ်းသက်တမ်း မပြည့်သေးဘဲ သူတို့ ပြန်လွှတ်ပေးလိုက်သူတွေဟာ စစ်တပ် အသိုင်းအဝန်းထဲက သားသမီးတွေသာ ဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ပြောပါတယ်။
“သူတို့ ဝါဒဖြန့်ချင်လွန်းလို့တောင်မှပဲ ၂၄ လ (၂ နှစ်) မပြည့်သေးခင် ပြန်လွှတ်လိုက်တာပေါ့။ သူတို့ ပြောတဲ့ သုံးပုံနှစ်ပုံဆိုတော့ အခုမှ ၁၆ လပဲ ရှိသေးတယ်။ ဝါဒဖြန့်ဖို့နဲ့ ရွေးကောက်ပွဲအတွက် မဲ စည်းရုံးတဲ့ ကိစ္စတွေ လုပ်တယ်လို့ပဲ ပြောရမှာ” လို့ သူက ဆိုပါတယ်။
စစ်ကော်မရှင်က သူတို့ ပြန်လွှတ်ပေးလိုက်တဲ့ စစ်မှုထမ်းတပ်သားတွေထဲက သုံးပုံတစ်ပုံ လျော့ပေါ့ခွင့် ရသူတွေကို ပြန်လွှတ်ပေးလိုက်တာလို့ ဖော်ပြထားပါတယ်။ ဒါဟာ စစ်မှုထမ်းကာလ ၂ နှစ် (၂၄ လ) သတ်မှတ်ထားချိန် အချို့ကို ၁၆ လသာ တာဝန် ထမ်းဆောင်စေပြီး ပြန်လွှတ်ပေးခဲ့တာမျိုးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်မှုထမ်းသက်တမ်း ပြည့်သူတွေကို အလုပ်အကိုင် ရှာဖွေပေးမှုတွေ စီစဉ်လုပ်ဆောင်ပေးမယ်လို့ စစ်ကော်မရှင်က ပြောဆိုမှုဟာ ဝါဒဖြန့်မှုသာ ဖြစ်ပြီး စစ်တပ် အသိုင်းအဝိုင်းထဲက သားသမီးတွေကို စွမ်းဆောင်ရည် အလိုက် စစ်တပ်က အလုပ်အကိုင် ဖန်တီးပေးရတာမျိုးသာ အစောပိုင်းကာလတွေက တည်းက ရှိခဲ့တာဖြစ်တယ်လို့ ဗိုလ်ကြီး ဇင်ယော်က ဆက်ပြောပါတယ်။
စစ်မှုထမ်းတပ်သားအချို့ကို ပြန်လွှတ်ပေးတယ်ဆိုတဲ့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ဟာ လူဦးရေ သောင်းချီထဲက ရာဂဏန်းမျှကိုသာ လွှတ်ပေးလိုက်တာ ဖြစ်ပြီး လူသစ် ထပ်စုဆောင်းနိုင်ဖို့ လုပ်ဆောင်တာသာ ဖြစ်တယ်လို့ မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) အဖွဲ့ဝင် တစ်ဦးကလည်း CJ Platform ကို ပြောပါတယ်။
“ဒါကလည်း လိမ်လည် ဝါဒဖြန့်တာပါပဲ၊ လူ ထောင်သောင်းချီတာကို အလွန်ဆုံးထွက်ရ ၅၀၊ ၁၀၀ လောက်ပေါ့ တစ်ပတ်စဉ်ကို၊ ဒါတောင် မသေချာပါဘူး။ ဒီလို ဝါဒဖြန့်မှလည်း သူတို့ ထပ်စည်းရုံး သွင်းလို့ ရမှာ” လို့ MDSI အဖွဲ့ဝင်က ပြောပါတယ်။
စစ်အုပ်စု ထုတ်ပြန်ထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတိုင်း စစ်မှုထမ်းကာလ ၂၄ လ သတ်မှတ်ထားပြီး ပညာရှင်၊ ကျွမ်းကျင်သူ ဖြစ်ပါက ၃၆ လအထိ သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
စစ်တပ် အာဏာသိမ်း ၅ နှစ်တာကာလအတွင်း နိုင်ငံတစ်ဝန်း စစ်မျက်နှာစုံ ရင်ဆိုင်နေရတဲ့ စစ်အုပ်စုဟာ တပ်တွင်း အင်အားပြုန်းတီးမှုတွေ ဖြစ်လာချိန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့ ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင် အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။
စစ်မှုထမ်း အပတ်စဉ်တစ်ခုမှာ လူဦးရေ ၅၀၀၀ နှုန်း သတ်မှတ်ပြီး အဓမ္မ တပ်သားသစ် စုဆောင်းမှုတွေ ရှိနေခဲ့ရာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က စစ်မှုထမ်း အပတ်စဉ် ၁၈ ကို ဖွင့်လှစ်ခဲ့တာကြောင့် ပျှမ်းမျှအားဖြင့် စစ်မှုထမ်းတပ်သားသစ် ၉ သောင်းနီးပါး ကို စစ်အုပ်စုက အဓမ္မ စုဆောင်းထားခဲ့တာလည်း ဖြစ်ပါတယ်။
အဓမ္မ တပ်သားသစ် စုဆောင်းခံရသူတွေကို စစ်အုပ်စုက ရှေ့တန်း စစ်မြေပြင်တွေကို ပို့ဆောင်မှုတွေ ရှိနေခဲ့ပြီး ထိခိုက် သေဆုံးသူတွေလည်း အများအပြား ရှိနေသလို စခန်း စွန့်ခွာ ထွက်ပြေးပြီး အလင်းဝင် ရောက်လာသူတွေလည်း ရှိနေတယ်လို့ စစ်မြေပြင် သတင်းရင်းမြစ်တွေထံက သိရပါတယ်။
ဓာတ်ပုံ – Pro-SAC
