နေပြည်တော်က စစ်အုပ်စုရဲ့ အရေးပါတဲ့ ကင်းစခန်းတစ်ခုကို PLA စီးနင်း သိမ်းပိုက်
စစ်အုပ်စုအပြည့်အဝ ထိန်းချုပ်ထားရာ နယ်မြေတစ်ခုဖြစ်တဲ့ နေပြည်တော်၊ ဥတ္တရသီရိ၊ တပ်ကုန်းမြို့နယ်ရှိ စစ်အုပ်စုရဲ့ အရေးပါတဲ့ လုံခြုံရေးကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ဝင်ရောက်စီးနင်းခဲ့တယ်လို့ PLA ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော် နီနီကျော် က CJ Platform ကို ပြောပါတယ်။

စစ်အုပ်စုက အဲဒီ တပ်ကုန်းမြို့နယ်၊ ရတနာအခြေပြု လုံခြုံရေးကင်းစခန်းမှာ လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်ခန့်ကတည်းက တပ်စွဲအထိုင်ချထားတာ ဖြစ်ပြီး ပြီးခဲ့တဲ့ PLA က နိုဝင်ဘာ ၁၂ ရက်နေ့ ညပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

“ဒီကင်းစခန်းတွေကလည်း နေပြည်တော် ရန်သူ့အသည်းနှလုံးနေရာနားတွေ ကာကင်းတွေ ဆိုတော့ ဒါ အရေးပါတဲ့ကင်းစခန်းတွေပါပဲ” လို့ ရဲဘော် နီနီကျော်က ပြောပါတယ်။

ရတနာမြေ လုံခြုံရေးအခြေပြုစခန်းမှာ စခန်းဦးစီး ဗိုလ်ကြီး တစ်ယောက်၊ အရာခံဗိုလ် နှစ်ယောက်၊ တပ်ကြပ်ကြီး ငါးယောက်အပါအဝင် စစ်အုပ်စုတပ်သားတွေ အထိုင်ချရာ ဖြစ်ပြီး စစ်အုပ်စု အဓိက အသုံးပြုတဲ့ အမြန်လမ်းပေါ်နဲ့ နီးကပ်တဲ့ နေရာမှာ တည်ရှိပါတယ်။

ရတနာမြေ လုံခြုံရေးအခြေပြုစခန်းအနီးရှိ စစ်အုပ်စုရဲ့ အထိုင်ချစခန်းတွေက စစ်ကြောင်းတွေ ထွက်နေချိန်မှာ ဝင်ရောက် စီးနင်းခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
PLA က စီးနင်းချိန်မှာ ကင်းစခန်းမှာ တပ်သားအချို့သာရှိနေပြီး အပြန်အလှန်ပစ်ခတ်မှုမရှိဘဲ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

စခန်းကို ဝင်ရောက်စဉ်မှာ ကင်းကြည့်မျှော်စင်တွေ၊ ဘန်ကာတွေကို စီးနင်းနိုင်ခဲ့သလို စခန်းတွင်း ဝင်ရောက်ပြီး ရှင်းလင်းရေးများ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ ထပ်မံ ရှင်းလင်းရေး ဆောင်ရွက်ချိန်မှာတော့ ငွေသား တချို့၊ ကျည် တချို့ အပြင် စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ PLA က ဒီကနေ့ (နိုဝင်ဘာ ၁၄) ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ စစ်အုပ်စု စစ်ကြောင်း နှစ်ကြောင်းဟာ ရတနာမြေ အခြေပြု လုံခြုံရေးစခန်း အနီးကပ် ကျေးရွာ နှစ်ရွာမှာ စစ်ကြောင်း ထိုင်လျက် ရှိနေတယ်လို့လည်း ဆိုထားပါတယ်။
နေပြည်တော်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃၉ ရှိ စစ်အုပ်စုရဲ့ တံတားဂိတ်စခန်းကို နေပြည်တော် တပ်ကုန်း PDF တပ်ရင်း အမှတ် ၈၀၃ က တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ တော်လှန်ရေးတပ်သားတွေက အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်အုပ်စုဘက်က တပ်သား နှစ်ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – PLA
