သတင်းမှားတွေကြောင့် ပြည်သူတွေ မလိုအပ်ဘဲ အန္တရာယ်ကြုံနေရ
စစ်ရေးပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့က တိုက်ပွဲတွေထဲ အာရက္ခတပ်တော်(AA)က ကူတိုက်ပေးနေတယ်ဆိုတဲ့ သတင်းမှားတွေကြောင့် စစ်ကောင်စီက ပိုမိုဖိအားပေးတိုက်ခိုက်လာနေတယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနမှ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
အဲဒီမှာ နို၀င်ဘာ ၁၁ ရက်နေ့ကစပြီး BNRA ပူးပေါင်းတပ်က စစ်ကောင်စီတပ်စခန်းတွေကို စီးနင်းတိုက်ခိုက်နေချိန် အချိန်ကိုက်ဖြန့်ဝေနေတဲ့ သတင်းမှားတွေကြောင့် ဒေသခံပြည်သူတွေအပေါ် မလိုလားအပ်တဲ့ အန္တရာယ်တွေကြုံတွေ့နေရတယ်လို့ သူက ပြောပါတယ်။
ဒီသတင်းတွေဟာ သတင်းမှားတွေသာဖြစ်တဲ့အတွက် လွတ်လပ်တဲ့သတင်းမီဒီယာတွေအနေနဲ့ သတင်းမှန်တင်ပေးဖို့ အကူအညီတောင်းဆိုတယ်လို့ BNRA ရဲ့ တာ၀န်ရှိသူက CJ Platform ကို ပြောပါတယ်။
လတ်တလော ပုလဲမြို့ပေါ်မှာ တိုက်ပွဲတွေနဲ့ စစ်ဆင်ရေး အခြေအနေ မတည်ငြိမ်သေးတဲ့အတွက် စစ်ရေးသတင်းတွေကို နယ်မြေတည်ငြိမ်ချိန်မှာ ထုတ်ပြန်ပေးမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၄ ရက်မှာလည်း ပုလဲမြို့ပေါ် နဲ့တဝိုက်မှာ လေးရက်ဆက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ အဲဒီက စစ်ရေးသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
“မြို့ပေါ် ရဲစခန်းဘက်နားတွေ ကျန်သေးတယ်။ အဲဒီဘက်တွေနဲ့ အလယ်ဘုံကျေးရွာဘက်တွေ လေကြောင်းကနေ စစ်ကူချတယ်လို့သိရတယ်။ ဒီနေ့ မနက်ပိုင်းကို လေကြောင်းတိုက်ခိုက်တာ ၁၅ ကြိမ်ထက်မနည်းဘူး” လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း တိုက်ပွဲစခဲ့တဲ့ နို၀င်ဘာ ၁၁ ရက်ကနေ ဒီကနေ့အထိ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော်ရှိပြီဖြစ်ပြီး ဆက်လက်တိုက်ခိုက်နေသေးတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ပုလဲမြို့နယ်က အိမ်ထောင်စု ၂၁၀၀ ကျော်က ဒေသခံပြည်သူ ၉၅၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ဆီကနေ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်နေတဲ့အတွက် ပုလဲမြို့အနီးနား ကျေးရွာတွေက တိမ်းရှောင်သူတွေ ထပ်တိုးလာဖွယ်ရှိတာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အဲဒီကွန်ရက်က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်