ဝက်လက်က ပအဖ ဂိတ်ကို ဆန္ဒပြနေသူတွေ ညှိနှိုင်းမှုပြေလည်လို့ ဆန္ဒပြပွဲ ရပ်တန့်

Author CJ Platform
Categories
Published on Jun 14, 2025

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပေါက်ကံ–ရှိမ်းမကား လမ်းမပေါ်ရှိ အကောက်ခွန်ဂိတ်က အခွန်ကောက်ခံတာများတာကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ဆောင်နေသူတွေနဲ့ ဒေသခံတွေ ဆန္ဒပြကြရာ ယမန်နေ့ ဇွန်လ ၁၃ရက်နေ့ ညနေက ညှိနှိုင်းမှု အဆင်ပြေသွားတာကြောင့် ဆန္ဒပြပွဲ ရပ်တန့်လိုက်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ဗိုလ်ရှိန်ဂိတ်လို့ ခေါ်ဆောင်တဲ့ အကောက်ခွန်ဂိတ်မှာ ဇွန်လ ၁၁ ရက်နေ့ကနေ စတင် ဆန္ဒပြကြတာဖြစ်ပြီး သုံးရက်အကြာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုအရ အဆင်ပြေသွားတာဖြစ်တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“ဟုတ်တယ်ဗျ၊ ညှိနှိုင်းလို့ရသွားတာ။ ဒါကို ကျေးရွာတာဝန်ခံတွေ၊ မြို့နယ်အုပ်ချုပ်ရေးတွေက လုပ်လို့မရဘူးဗျ။ ဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီးတော့ ပြင်တာပါ။ တရားဝင်ဈေးက တစ်သောင်းခွဲဗျ” လို့
NUG နဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆန္ဒပြ ပြည်သူတွေနဲ့ တာဝန်ရှိသူတွေဟာ စက်သုံးဆီ တစ်ပေပါကို တစ်သောင်းကျပ်နဲ့ သတ်မှတ် ညှိနှိုင်းနိုင်ခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

 

လက်ရှိမှာ ပေါက်ကံ–ရှိမ်းမကား လမ်းပေါ်မှာ ပိတ်ဆို့ ဆန္ဒပြနေသူတွေ မရှိတော့ဘဲ လမ်းပွင့်သွားပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“ကားတွေအကုန်ပွင့်သွားပြီဗျ။ ဆန္ဒပြတဲ့အစီအစဉ်တော့ ပြီးသွားပြီ။ ဆီအတွက်တစ်ခုပဲ ညှိခဲ့ကြတာပါ၊ ကျန်တဲ့ကုန်ပစ္စည်းတွေ မပါဘူးဗျ” လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီက မန္တလေး–ရွှေဘို ကားလမ်းတစ်လျှောက် ဆီကုန်သွယ်ပါက ဖမ်းဆီးနေတာကြောင့် ဆီကုန်သယ်တွေအနေနဲ့ မှောင်ခိုလမ်းကနေ သယ်ဆောင်နေရတာဖြစ်ပြီး သယ်ဆောင်တဲ့လမ်းမှာ အကောက်ခွန်အတွက် ဆန္ဒပြကြရာ ညှိနှိုင်းအဆင်ပြေခဲ့လို့ ပုံမှန်အတိုင်း သွားလာနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CJ