ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူ ၂၃ဦးကို ချင်းကာကွယ်ရေးတပ်က ဖမ်းမိ

မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းတပ်ဖွဲ့ဝင်တွေကို ဇွန်လ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ လေးရက်တာကာလအတွင်းမှာ ဖမ်းဆီးရမိခဲ့တာဟာ ၂၃ ဦးထိ ရှိတယ်လို့ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးတပ် ဗျူဟာကုန်းအနီး နတ်ရေကန်ပတ်လမ်းဟောင်းကို ဖြတ်တောက်တိုက်ခိုက်နေစဉ် ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဆိုပါတယ်။
ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) အနေနဲ့ ဖြတ်တောက်တိုက်ခိုက်ရေးလုပ်ဆောင်နေစဉ် ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးမိရာကနေ နယ်မြေရှင်းလင်းရှာဖွေရာမှာ ထပ်မံဖမ်းဆီးရမိတာ ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်းအဓမ္မ ပေါ်တာဆွဲခံရပြီး စစ်မှုထမ်းနေရသူတွေဖြစ်တယ်လို့ CDF – Asho က ဆိုပါတယ်။
စစ်သုံးပစ္စည်းတွေနဲ့အတူ MA-1 (၅) လက်၊ MA-3 (၃) လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင်ပူးပေါင်းကြဖို့ကိုလည်း ချင်းကာကွယ်ရေးတပ် – အရှို က တိုက်တွန်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)