အိုးဘိုထောင်အတွင်း ဆေးဝါးမလုံလောက်တာကြောင့် နိုင်ငံရေးအကျဉ်းသူ ကျောင်းအုပ်ဆရာမကြီး သေဆုံး

မန္တလေးတိုင်း အိုးဘိုထောင်အတွင်း နိုင်ငံရေးအကျဉ်းသူ ကျောင်းအုပ်ဆရာမကြီးတစ်ဦး ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ဆေးဝါးလုံလောက်စွာ မရရှိတာကြောင့် အကျဉ်းထောင်အတွင်း သေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တီဘီရောဂါခံစားနေရတဲ့ နိုင်ငံရေးအကျဉ်းသူ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်း ဟာ အိုးဘိုအကျဉ်းထောင်အတွင်း ဆေးဝါးလုံလောက်စွာ မရရှိတာကြောင့် ရောဂါပြင်းထန်ပြီး သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“အကျဉ်းထောင်အတွင်းမှာ တီဘီဆေးဟာ အခမဲ့ပေးသော်လည်း ဒီနှစ်ဟာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ လျော့ကျမှုကြောင့်မို့ ဆေးဝါးပြတ်လတ်မှုတွေ ရင်ဆိုင်ရတဲ့နှစ် ဖြစ်ပါတယ်။ တီဘီဆေးပြတ်တဲ့အတွက် နောက်ဆက်တွဲရောဂါတွေကြောင့် သေဆုံးရခြင်း ဖြစ်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက CJ Platform ကို ပြောပါတယ်။
ပုဒ်မ ၅၂ နဲ့ ထောင်ဒဏ် ၅ နှစ်ကျခံရတဲ့ CDM ကျောင်းအုပ်ဆရာမကြီးဟာ သွေးကြောပေါက်ကာ သေဆုံးတာ ဖြစ်တယ်လို့ သိရပါတယ်။
မန္တလေး အိုးဘိုထောင်အတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ နိုင်ငံရေးအကျဉ်းသား ဦးမော်ထူးဟာ ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
အကျဉ်းထောင်အတွင်း ဆေးဝါးကုသမှု လုံလောက်စွာ မရရှိတာကြောင့် ယခုနှစ် ၂၀၂၅ ခုနှစ်အတွင်း သေဆုံးသူတွေဟာ စုစုပေါင်း ၁၁ ဦးအထိ ရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်