ကွတ်ခိုင်မြို့ ကောင်းခါးမှာ ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေအပြင် ဘာသာရေးနယ်မြေတွေကိုပါ အကွက်ရိုက် ရောင်းချနေတယ်လို့ဆို

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ကောင်းခါးမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒေသခံအာဏာပိုင် တချို့က အခုမတ်လ အတွင်း ဒေသခံတွေပိုင်ဆိုင်တဲ့ မြေယာတွေအပါအဝင် သာသနာ့နယ်မြေတွေပါ သိမ်းယူကာ အကွက်ချရောင်းချနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ အကွက်ဖော်ရောင်းချ နေတာဖြစ်ပြီး လျော်ကြေးပေးဆောင်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။
“ ၂၀၂၄ စက်တင်ဘာလထဲက ဘက်ဟိုးတွေနဲ့ အကွက်စဖော်ပြီး ရောင်းချနေကြတာ။ မဟာဓမ္မရံသီစေတီတော် သာသနာပိုင်မြေလည်း အသိမ်းခံရတယ်” လို့ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။
လက်နက်ကိုင်အဖွဲ့ အစည်းတွေဖြစ်တဲ့အတွက် ဂေါပကအနေနဲ့ မပြောရဲဘူးလို့ သူက ဆက်ပြောပါတယ်။
အဲဒီသိမ်းခံရတဲ့ တစ်ဧကကျော်ခန့်ရှိ သာသနာပိုင်နယ်မြေမှာ KIA အရာရှိတွေက အကွက်ဖော်ပြီး ကိုယ်ပိုင် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ကျေးရွာဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ မြေတွေသိမ်းရာမှာ ဘိုးဘွားပိုင် လယ်မြေ၊ ခြံမြေတွေလည်း ပါဝင်နေပြီး လက်ရှိစိုက်ပျိုးထားတဲ့ မြေတွေပါပါဝင်နေတယ်လို့ သိရပြီး KIA ဗဟိုက ညွှန်ကြားလုပ်ဆောင်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
“ ဖွံ့ဖြိုးရေးစီမံကိန်းခေါင်းစဉ်နဲ့ မြေသိမ်းနေတာက စစ်ကောင်စီလို လုပ်ရပ်တွေဖြစ်နေတယ်။ မြေပိုင်ရှင်နဲ့ ညှိနှိုင်းလုပ်တယ်ဆိုပေမဲ့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတော့ မငြင်းရဲကြဘူး” လို့ ကောင်းခါးဒေသခံ တစ်ဦးကလည်း ပြောပါတယ်။
ကောင်းခါးကျေးရွာဟာ အိမ်ခြေ တစ်ထောင်ကျော်ရှိတဲ့ ကျေးရွာဖြစ်ပြီး ကချင်လူမျိုးအများစု နေထိုင်ကာ တအာင်း၊ ဗမာ နဲ့ တရုတ် လူမျိုးတွေလည်း နေထိုင်ကြတဲ့ ကျေးရွာဖြစ်ပါတယ်။
ဓာတ်ပုံ – ပေးပို့