ကယန်းပြည်သစ်တပ်မတော်က လာရောက်ခေါ်ဆောင်သွားတဲ့ ပျဉ်းမနားစစ်ကြောင်းမှူးကို နှိပ်စက်ခံဒဏ်ရာတွေနဲ့ အလောင်းပြန်တွေ့  

Author CJ Platform
Categories
Published on Mar 14, 2025

ကယန်းပြည်သစ်တပ်မတော်က တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး လာရောက် ခေါ်ဆောင်သွားခဲ့တဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို မတ်လ ၁၃ရက်နေ့မှာ ညှင်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာကြောင့် ကယန်းပြည်သစ်တပ်မတော်က တာဝန်ယူဖြေရှင်းပေးရေး နေပြည်တော်တိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ချက်ထုတ် တောင်းဆိုလိုက်ပါတယ်။

 

ရဲဘော်ကိုစိုင်းကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်က တွေ့ဆုံဆွေးနွေးဖို့ဆိုပြီး ကယန်းပြည်သစ်နယ်မြေ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူး ဖိုးခွားက မတ်လ ၃ရက်နေ့ နေ့လယ် (၁)နာရီခန့်မှာ လာရောက်ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ကယန်းပြည်သစ်တပ်မတော်က လာရောက်ခေါ်ဆောင်သွားပြီးနောက် အဆက်သွယ် ပြတ်တောက်ခဲ့ရတဲ့ ရဲဘော်ကိုစိုင်းနဲ့ ပတ်သက်ပြီး နေပြည်တော်တိုင်းစစ်ဌာနက မတ်လ ၇ရက်နေ့မှာ စာထုတ်အကြောင်းကြားတာ၊ ကယန်းပြည်တပ်မတော်နယ်မြေထိ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့ကြပေမဲ့ ဗဟိုကော်မတီက တွေ့ဆုံ ဖြေရှင်းပေးခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်တွင်း ဖော်ပြထားပါတယ်။

 

နေပြည်တော်တိုင်းစစ်ဌာနနဲ့ မဟာမိတ်ညီနောင်တွေက စုံစမ်းမှုအရ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာမှာ ရဲဘော်ကိုစိုင်းရဲ့ ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အခုလိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကယန်းပြည်သစ်တပ်မတော်အနေနဲ့ အခုစာထုတ်ပြန်ပြီးအချိန်ကနေ ( ၃ )ရက်အတွင်း ဖြစ်စဉ်ကို တာဝန်အပြည့်အဝယူပြီး ဖြေရှင်းပေးဖို့၊ အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာ အရေးယူပေးဖို့နဲ့ တော်လှန်ရေး အသိုင်းအဝန်းတစ်ခုလုံးကို ခြိမ်းခြောက်တဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် တော်လှန်ရေး မဟာမိတ်တွေအနေနဲ့လည်း ဖြစ်စဉ်ကို သမာသမတ်ကျစေရေး ဝိုင်းဝန်းကူညီပေးကြဖို့

နေပြည်တော်တိုင်းစစ်ဌာနက တောင်းဆိုထားပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်