လာမယ့် ၁၆ ရက်နေ့မှာ ပန်းရောင်ကတ်(ဘတ်)စာရင်းတင်ခွင့်ရမယ် ဘတ်တင်မယ့်မြန်မာလုပ်သား အလွန်များလို့ အကျိုးဆောင်တွေဆို
ထိုင်းနိုင်ငံမှာ ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တရားဝင်နေထိုင်လုပ်ကိုင်ခွင့်လက်မှတ် လာမယ့် ဒီဇင်ဘာ ၁၆ ရက် တနင်္လာနေ့မှာ စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးကနေ ထုတ်ပြန်ပါတယ်။
ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရပြီးမှ သက်တမ်းကုန်ဆုံးသွားတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ၊ တရားဝင် ဝင်ရောက်ခဲ့ပေမဲ့ ခွင့်ပြုချက်မရှိဘဲ တရားမဝင်အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေ အတွက် လုပ်ဆောင်နိုင်တယ်လို့ ဆိုထားပါတယ်။
“ဟုတ်ပါတယ်ဗျ ၁၆ ရက်နေ့ အမည်စာရင်းတွေစတင်ရတော့မှာပါ။ ဒီနှစ်က မနှစ်ကထက် အထောက်အထားမဲ့တွေ ပိုများတာတော့ ရှိပါတယ်။ ဘတ်စာရင်းတင်ဖို့ ကြိုတင်အပ်ထားကြတဲ့ သူတွေလည်းရှိပါတယ်” လို့ မဲဆောက်မြို့ရှိ SIAM SUWAN အထွေထွေဝန်ဆောင်မှု အကျိုးဆောင်လုပ်ငန်းက ကိုရာဇာက CJ Platform ကို ပြောပါတယ်။
အဲဒီလုပ်ငန်းစဉ််တွေထဲ အမည်စာရင်း တင်သွင်းဖို့ ဒီဇင်ဘာ ၁၆ ရက်ကနေ ၃၀ ရက်နေ့အထိ ၁၅ ရက်ကြာခွင့်ပြုမှာဖြစ်ပြီး နောက်ထပ် ရက်ပေါင်း ၉၀ အတွင်း အလုပ်လုပ်ကိုင်ခွင့်ပါမစ် လျောက်ထားရမှာဖြစ်တဲ့အပြင် ကျန်းမာရေးအာမခံနဲ့ ကျန်းမာရေးစစ်ဆေးရမှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီနောက်မှာတော့ နောက်ထပ် တစ်လအတွင်း စာရွက်စာတမ်းများစိစစ်ကာ အလုပ်လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပြီး ဘတ်အသစ်ပြုလုပ်သူတွေအတွက် အလုပ်လုပ်ကိုင်ခွင့် ၂၀၂၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ တစ်နှစ်ကြာ ဦးစွာရရှိမှာဖြစ်ပါတယ်။
အဲဒီလို ပန်းရောင်ကတ်(ဘတ်) တစ်နှစ်သက်တမ်းရရှိပြီး သက်တမ်းကုန်ဆုံးပါက နောက်ထပ် သက်တမ်းတိုး အလုပ်လုပ်ကိုင်ခွင့်ကိုတော့ ၂ နှစ် ခွင့်ပြုမယ်လို့ ဆိုထားပါတယ်။
ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အခုလို ဘတ်ဖွင့်မှာကို အများစုကစောင့်မျှော်နေကြတာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဆိုပါတယ်။
“ဒီတစ်ခါတော့ ကျိန်းသေသွားပြီပေါ့။ အခုမှပဲ ဘတ်ရဖို့ ကျိန်းသေသွားတော့တယ်။ ဒီနှစ်ကုန်မှ မရရင် စစ်မှုထမ်းရလို့ သေလည်းသေဆိုပြီး ပြန်ရတော့မှာ။ အခုမှပဲ စိတ်အေးရတော့တယ်” လို့ ထိုင်းနိုင်ငံ၊ ဆမွတ်ပရာကန်ခရိုင်ကိုရောက်ရှိနေတဲ့ ကိုသော်ဇင်က CJ Platform ကို ပြောပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံက လူငယ်လူရွယ်တွေဟာ ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်ကိုင်မှုမြင့်တက်ခဲ့တဲ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြေညာချက်ကြောင့် ပိုမိုဆိုးရွားလာခဲ့ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်သာမက တရားမဝင်လမ်းကြောင်းတွေကနေ သွားရောက်လုပ်ကိုင်နေကြသလို ဖမ်းဆီးခံရမှုတွေလည်း ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာနက မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေပြုလုပ်ပေးမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ထိုင်းမှာ တရားမဝင်ရွှေ့ပြောင်းလုပ်သား အယောက်တစ်သန်းခွဲလောက်ရှိနိုင်တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ထားပြီး ထိုင်းရွှေ့ပြောင်းလုပ်သားကူညီရေးအဖွဲ့တွေကတော့ သုံးသန်းလောက်အထိရှိနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
လက်ရှိလူတစ်ယောက်အတွက် ပန်းရောင်ကတ်ဘတ်ဈေး ဘတ် ၆၅၀၀ ကနေ ၁၂,၀၀၀ အထိ အကျိုးဆောင်/ပွဲစားတွေက တောင်းခံနေကြပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ အလုပ်သမားသံအရာရှိရုံး(ဘန်ကောက်)
ပုံစာ – ဒီနှစ် ၂၀၂၄၊ ဖေဖော်ဝါရီလအတွင်းကစတင်ဖွင့်လှစ်ခဲ့တဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(Certificate of Identity-CI)လာရောက်လုပ်ကိုင်နေသူတွေကိုတွေ့မြင်ရစဉ်