ဥရောပထိပ်တန်းလိဂ်ပွဲတွေထဲက CJ Platform ရဲ့ ပွဲကြိုသုံးသပ်ချက်များ
အာဆင်နယ် – အဲဗာတန် (စနေည ၉ နာရီခွဲ)
အာဆင်နယ်အသင်းဟာ ချန်ပီယံဆုပြေးလမ်းပေါ်ကနေ ချော်ထွက်မသွားစေရေးအတွက် ဒီလိုပွဲမျိုးကို သေချာပေါက်အနိုင်ကစားမှ ဖြစ်ပါလိမ့်မယ်။ ပြီးခဲ့တဲ့အပတ်မှာလည်း ဖူလ်ဟမ်ကို သရေကျသွားခဲ့တာကြောင့် အဖိုးတန်အမှတ်တွေ ဆုံးရှုံးခဲ့ပြီးပါပြီ။ ဒီအပတ်မှာတော့ အာဆင်နယ်တို့ အမှားခံမှာမဟုတ်ပါဘူး။ ဒဏ်ရာရကစားသမားတွေထဲက အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ ဂါဘရီရယ်လည်း ဒီပွဲမှာ ပြန်လည်ပါဝင်လာမှာပါ။ ပြီးခဲ့တဲ့ကြားရက်က ချန်ပီယံလိဂ်ပွဲမှာလည်း အာဆင်နယ်ဟာ မိုနာကို ကို ဂိုးပြတ်အနိုင်ရထားခဲ့ပါတယ်။ အဲဗာတန်ကတော့ ပြီးခဲ့တဲ့အပတ်မှာ လီဗာပူးလ်နဲ့ပွဲပျက်သွားခဲ့တာကြောင့် အနားရထားတဲ့အသင်းဖြစ်လို့ ချန်ပီယံလိဂ်ကစားပြီး ပွဲပန်းထားတဲ့ အာဆင်နယ်ကို ဒုက္ခပေးဖို့ ကြိုးစားလာမှာသေချာပါတယ်။ အဲဗာတန်ဟာ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ၀ုလ်ဗ်ကို လေးဂိုးပြတ်အနိုင်ရထားတယ်ဆိုပေမဲ့ အဲဒီပွဲမတိုင်ခင် လေးပွဲဆက်က ဂိုးပေါက်ပျောက်ခဲ့တဲ့အသင်းပါ။ ခြေစွမ်းတည်ငြိမ်မှုမရှိသလို တန်းဆင်းဇုန်ထဲ ရောက်မသွားဖို့ ရုန်းနေရတာဖြစ်လို့ အမ်းမရိတ်မှာ အာဆင်နယ်ကို ယှဉ်ကစားဖို့ မလွယ်ပါဘူး။ အာဆင်နယ်အတွက် ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရရှိနိုင်ပါလိမ့်မယ်။
ခန့်မှန်းချက် – အာဆင်နယ် ၂-၀ အဲဗာတန်
****************************************
လီဗာပူးလ် – ဖူလ်ဟမ် (စနေည ၉ နာရီခွဲ)
အမှတ်ပေးဇယားထိပ်ဆုံးမှာ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်ထားနိုင်တဲ့ လီဗာပူးလ်အတွက်တော့ နောက်ထပ် ရမှတ် ၃ မှတ်ထပ်ပေါင်းထည့်ရဦးမယ့်ပွဲပါ။ လီဗာပူးလ်ရဲ့ကစားပုံဟာ တည်ငြိမ်မှုရှိနေပြီး ဆာလားဦးဆောင်တဲ့ တိုက်စစ်ကလည်း ဂိုးရဖို့ မခက်တာကြောင့် အိမ်ကွင်းမှာ ဖူလ်ဟမ်ကို အနိုင်ရဖို့ မခက်ပါဘူး။ ဖူလ်ဟမ်ကလည်း ကစားပုံမာကျောမှုရှိသလို ပြီးခဲ့တဲ့အပတ်မှာ အာဆင်နယ်ကို သရေကစားနိုင်ခဲ့တယ်ဆိုပေမဲ့ အဝေးကွင်းရောက်ရင် ကစားပုံအားနည်းသွားတတ်တာကို သတိပြုရမှာပါ။ နောက်ဆုံးသုံးပွဲမှာ စပါးနဲ့ အာဆင်နယ်ကို သရေခံကစားပြီး ဘရိုက်တန်ကို အနိုင်ရထားတဲ့ ဖူလ်ဟမ်ဟာ အန်ဖီးလ်ကနေ အမှတ်ဗလာနဲ့ အိမ်ပြန်ရပါလိမ့်မယ်။
ခန့်မှန်းချက် – လီဗာပူးလ် ၂-၀ ဖူလ်ဟမ်
****************************************
ဗယ်လီကာနို – ရီးရဲလ်မက်ဒရစ် (တနင်္ဂနွေမနက် ၂ နာရီခွဲ)
ဗယ်လီကာနိုဟာ အမှတ်ပေးဇယား အဆင့် ၁၂ မှာရပ်တည်နေတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာတော့ ၃ ပွဲရှုံးပြီး ၂ ပွဲနိုင်ထားပါတယ်။ ဗယ်လီကာနိုဟာ အသင်းလိုက်ကစားပုံတည်ငြိမ်မှုရှိပေမဲ့ တိုက်စစ်ပိုင်း အားနည်းလွန်းတဲ့အသင်းပါ။ ဒီရာသီ ၁၅ ပွဲကစားပြီး ၁၅ ဂိုးသာရထားတဲ့တိုက်စစ်ဟာ ရီးရဲလ်ခံစစ်ကို ဂိုးသွင်းနိုင်ဖို့ မလွယ်ပါဘူး။ ရီးရဲလ်မက်ဒရစ်ကတော့ ဘာစီလိုနာရဲ့ အမှားတွေကို အသုံးချနိုင်ဖို့ ကြိုးစားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲလုံးကိုလည်း အနိုင်ရထားခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့ တိုက်စစ်မှူး အမ်ဘတ်ပေ ပါဝင်နိုင်မှာမဟုတ်ဘူး။ ရီးရဲလ်မက်ဒရစ်တိုက်စစ်ဟာ အဝေးကွင်းလည်းဖြစ်နေတာကြောင့် အနည်းငယ်ရုန်းကန်ရနိုင်ပေမဲ့ လိုအပ်နေတဲ့ အနိုင်သုံးမှတ်ကိုတော့ ရယူသွားနိုင်မှာသေချာပါတယ်။
ခန့်မှန်းချက် – ဗယ်လီကာနို ၀-၁ ရီးရဲလ်မက်ဒရစ်
****************************************
မန်စီးတီး – မန်ယူ (တနင်္ဂနွေည ၁၁ နာရီ)
နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားပြီး ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ ဂွာဒီယိုလာနဲ့ မန်စီးတီးအသင်းသားတွေအတွက် ပေါက်ကွဲရမယ့်ပွဲစဉ်ပါ။ ဒီလိုပွဲစဉ်မျိုးမှာ နိုင်ပွဲရယူနိုင်လိုက်မယ်ဆိုရင် ပရိသတ်တွေလည်း စိတ်ကျေနပ်သွားမှာဖြစ်သလို နောက်လာမယ့်ပွဲစဉ်တွေအတွက်လည်း ယုံကြည်မှုတည်ဆောက်ပြီးသား ဖြစ်သွားနိုင်ပါတယ်။ မန်စီးတီးဟာ ဂွာဒီယိုလာလက်ထက်မှာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပေမဲ့ တကယ်တမ်းမှာ သူတို့အသင်းရဲ့ကစားပုံဟာ ဘယ်အသင်းကိုမဆို လွှမ်းမိုးနိုင်စွမ်းရှိနေပါတယ်။ မန်ယူအတွက်လည်း ဒီပွဲက အခွင့်ကောင်းယူရမယ့်ပွဲဖြစ်ပါတယ်။ နည်းပြ အမော်ရင်ဟာ ပြီးခဲ့တဲ့လထဲမှာ စပို့တင်းနည်းပြအဖြစ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးကို ဂိုးပြတ်အနိုင်ယူထားခဲ့ဖူးပါတယ်။ အခုတော့ ပရီးမီးယားလိဂ်မှာ ပြန်ဆုံပါပြီ။ လူစာရင်းအင်အားအရ မန်စီးတီးက အသာရနေတယ်ဆိုပေမဲ့ လက်ရှိခြေစွမ်းကတော့ မတိမ်းမယိမ်းလို့ ဆိုရမှာပါ။ မန်ချက်စတာဒါဘီဖြစ်လို့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုနဲ့ ပရိသတ်အကြိုက်ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ ရှိနေပြီး အဆုံးသတ်မှာတော့ အိမ်ရှင်မန်စီးတီးတို့ အသာရသွားနိုင်ပါတယ်။ အီတီဟတ်မှာ မန်စီးတီးတို့ တစ်ဂိုးအသာလောက်နဲ့ နိုင်ပွဲဖော်ဆောင်သွားပါလိမ့်မယ်။
ခန့်မှန်းချက် – မန်စီးတီး ၂-၁ မန်ယူ
****************************************
ချဲလ်ဆီး – ဘရန့်ဖိုဒ့် (တနင်္လာမနက် ၁ နာရီခွဲ)
အောက်တိုဘာလနောက်ပိုင်းမှာ ချဲလ်ဆီးတို့ ပြိုင်ပွဲစုံ အရှုံးမရှိဘဲ ဖြတ်သန်းထားနိုင်သလို နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲဆက်တိုက်လည်း အနိုင်ရခဲ့ပါတယ်။ အဲဒီ ၅ ပွဲမှာ ချဲလ်ဆီးတိုက်စစ်ပိုင်းက ၁၇ ဂိုးအထိသွင်းထားနိုင်တာ အထင်ကြီးစရာဖြစ်ပြီး ခံစစ်ကတော့ ၅ ဂိုးပြန်ပေးထားရတာမို့ ထူးခြားကောင်းမွန်တဲ့အနေအထားမျိုးတော့ မဟုတ်ပါဘူး။ ချဲလ်ဆီးဟာ အန်ဇို မာရက်စ်ကာ လိုချင်တဲ့ပုံစံအတိုင်း ကစားနေနိုင်ပြီး ဘယ်အသင်းကို မဆိုအနိုင်ယူနိုင်စွမ်းရှိတဲ့အသင်းအဖြစ် ပြောင်းလဲကာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်ကို အနီးကပ်ဆုံး ဖိအားပေးနေနိုင်တဲ့အသင်းလည်းဖြစ်ပါတယ်။ ဘရန့်ဖိုဒ့်ကလည်း နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင်၊ ၁ ပွဲသရေ ၁ ပွဲရှုံးနဲ့ အဆင့် ၉ မှာ ရပ်တည်နေတဲ့အသင်းပါ။ ချဲလ်ဆီးပြီးရင် ဒီရာသီ ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးအသင်းဟာ ဘရန့်ဖိုဒ့်ဖြစ်လို့ တိုက်စစ်အားပြိုင်မှုကို မြင်ရဦးမှာပါ။ ဘရိုက်တန်နည်းပြ သောမတ်စ်ဖရန့်ခ်ဟာ အိုင်ဗန်တိုနေးထွက်ခွာသွားတဲ့တိုက်စစ်ပိုင်းကို ယိုင်နဲ့မသွားစေပဲ ပိုကောင်းလာအောင် ပြုလုပ်နိုင်ခဲ့တာ ချီးကျူးရမှာပါ။ ဘရန့်ဖိုဒ့်တိုက်စစ်က ဝစ်ဆားနဲ့ အမ်ဗျူမိုတို့ရဲ့ တိုက်စစ်ဟာ ချဲလ်ဆီးခံစစ်ကို ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ချဲလ်ဆီးရဲ့တိုက်စစ်ကလည်း ထက်မြက်လွန်းနေတာကြောင့် စတမ်းဖိုဒ့်ဘရစ်ချ်မှာ ၂-၁ ဆိုတဲ့ ရလဒ်မျိုးထွက်ပေါ်လာဖို့ မျှော်လင့်မိပါတယ်။
ခန့်မှန်းချက် – ချဲလ်ဆီး ၂-၁ ဘရန့်ဖိုဒ့်