ကမ္ဘာတဝန်းက အရွယ်ရောက်ပြီးသူ သန်း ၈၀၀ ကျော်ဟာ ဆီးချိုရောဂါ ရှိနေလို့ဆို
ကမ္ဘာတဝန်းက အရွယ်ရောက်ပြီးသူ သန်း ၈၀၀ ကျော်ဟာ ဆီးချိုရောဂါရှိနေကြပြီး အသက် ၃၀ နဲ့အထက် ဆီးချိုရောဂါသည်တွေရဲ့ ထက်ဝက်ကျော်ကတော့ ဆေးကုသမှု ခံယူနေတာတွေ မရှိဘူးလို့ နိုဝင်ဘာ ၁၃ ရက်နေ့က ထုတ်ပြန်တဲ့ သုတေသနစစ်တမ်းအရ သိရပါတယ်။
ကျန်းမာရေးသု တေသနအဖွဲ့တစ်ခုဖြစ်တဲ့ NCD Risk Factor Collaboration နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးတွဲလုပ်ဆောင်ခဲ့ကြတဲ့ စစ်တမ်း ရလဒ်တွေအရ ၂၀၂၂ ခုနှစ်မှာ အသက် ၁၈ နှစ်နဲ့ အထက်ရှိတဲ့ လူဦးရေ ၈၂၈ သန်း ဝန်းကျင်ဟာ type 1 နဲ့ type2 ဆီးချိုရောဂါ ရှိနေကြောင်း တွေ့ရှိခဲ့ရပြီး အသက် ၃၀ နဲ့အထက် လူနာ ၄၄၅ သန်း (လူနာအားလုံးရဲ့ ၅၉ ရာခိုင်နှုန်း) ဟာ ကုသမှု ခံယူနေတာတွေ မရှိဘူးလို့ သိရပါတယ်။
WHO အနေနဲ့ ယခင်က ဆီးချိုရောဂါရှိသူ ၄၂၂ သန်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားပေမယ့် စစ်တမ်းရလဒ်ကတော့ ခန့်မှန်းဦးရေထက် နှစ်ဆနီးပါး ပိုများနေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်နဲ့ ဆိုင်တဲ့ နာတာရှည်ရောဂါဖြစ်ပြီး ကုသမှု မခံယူဘူးဆိုရင် နှလုံး၊ သွေးကြော၊ အာရုံကြောနဲ့ အခြားကိုယ်တွင်း အင်္ဂါတွေကိုပါ ထိခိုက်စေတတ်တဲ့ ရောဂါလည်း ဖြစ်ပါတယ်။
၁၉၉၀ ခုနှစ်ကစလို့ ကမ္ဘာ့ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာ ၇ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးလာခဲ့ပါတယ်။ ကမ္ဘာ့ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း တိုးလာတဲ့ အဓိကအကြောင်းရင်းကတော့ ဝင်ငွေအသင့်အတင့်ရှိတဲ့ နိုင်ငံနဲ့ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ ဆီးချိုရောဂါဖြစ်ပွားမှု တိုးလာတာကြောင့် ဖြစ်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရောဂါဖြစ်ပွားမှုနှုန်းများတဲ့ ဒေသတွေမှာ ရောဂါကုသမှုခံယူတဲ့နှုန်းက တိုးတက်လာတာမျိုး မရှိဘဲ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာတော့ ရောဂါကုသမှုခံယူတဲ့နှုန်းက မြင့်တက်လာတာကြောင့် ဆီးချိုရောဂါကို ကုသမှုခံယူနိုင်မှုဟာလည်း ကွာဟချက် ပိုပြီး များပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
ဥပမာ ဆာဟာရသဲကန္တာရတောင်ပိုင်းက အာဖရိက ဒေသတွေမှာ ဆီးချိုရောဂါရှိသူတွေရဲ့ ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိသာ ဆေးကုသမှုခံယူနေပါတယ်။ အဓိကအကြောင်းရင်းကတော့ ဆီးချိုရောဂါကုသဖို့အတွက် လိုအပ်တဲ့ အင်ဆူလင် ဒါမှမဟုတ် ဆေးဝါးတွေဟာ စရိတ်စက ကြီးမားနေတာကြောင့်ပါ။
အခုပြုလုပ်ခဲ့တဲ့ သုတေသနစစ်တမ်းဟာ နိုင်ငံတိုင်းရဲ့ ဆီးချိုဖြစ်ပွားမှုနှုန်းနဲ့ ကုသမှုအခြေအနေကို ပထမဆုံးအကြိမ် စုစည်းလေ့လာခဲ့တာဖြစ်ပြီး လူပေါင်း သန်း ၁၄၀ ကျော် ပါဝင်တဲ့ လေ့လာမှုပေါင်း ၁,၀၀၀ ကျော်ကို အခြေခံထားတာလို့လည်း သိရပါတယ်။
ဆီးချိုရောဂါကို အစာအငတ်ခံပြီးနောက် သွေးထဲက သကြားဓာတ်ပမာဏ (fasting plasma glucose) နဲ့ ဟီမိုဂလိုဘင်ထဲက သကြားဓာတ်ပမာဏ (glycated haemoglobin) တို့ကို စစ်ဆေးခြင်းနဲ့ သတ်မှတ်ခဲ့ပါတယ်။
အထူးသဖြင့် တောင်အာရှဒေသလူတွေမှာ သွေးထဲက သကြားဓာတ်ပမာဏ တစ်ခုတည်း စစ်ဆေးမှုနဲ့ ရောဂါမတွေ့နိုင်တာကြောင့် စစ်ဆေးမှု နှစ်မျိုးလုံး အသုံးပြုခဲ့ရတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
စစ်တမ်းဟာ type 1 နဲ့ type 2 ဆီးချိုရောဂါကို သီးခြားခွဲပြီး လေ့လာထားတာ မရှိပေမဲ့ အရင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အရွယ်ရောက်ပြီးတဲ့ သူတွေမှာ တွေ့ရှိရတဲ့ ဆီးချိုရောဂါအများစုဟာ type 2 အမျိုးအစားဖြစ်ပြီး အဝလွန်တာ၊ မသင့်လျော်တဲ့ အစားအသောက်တွေနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရှိခဲ့ပါတယ်။
ဓာတ်ပုံ- Hannah Beier/ Reuters
ပုံစာ- အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဂလန်နာဒန်မြို့က Type- 2 ဆီးချိုရောဂါဝေဒနာရှင်တစ်ဦး ကိုယ့်ကိုယ်ကိုယ် အင်ဆူလင်ထိုးဆေး ထိုးနေစဉ် (ပုံအဟောင်း)
ကိုးကား – Reuters