ကြာသပတေးနံနက်အတွက် CJ Platform ရဲ့ အားကစားသတင်းတိုများ စုစည်းမှု

Author CJ Platform
Categories
Published on Nov 14, 2024

ကွင်းလယ်ဒိုင်ကို လက်သီးနဲ့ထိုးခဲ့တဲ့ အန်ကန်ရာဂူကူအသင်းဥက္ကဋ္ဌဟောင်း ထောင်ဒဏ်ချမှတ်ခံရ

 

တူရကီကလပ် အန်ကန်ရာဂူကူအသင်း ဥက္ကဋ္ဌဟောင်း ဖာရုခ် ကိုကာကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကစားခဲ့တဲ့ ရီစီစပေါ်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီးမှာ ကွင်းအတွင်း ဝင်ရောက်ကာ ကွင်းလယ်ဒိုင်ဖြစ်သူ အူမတ်မီလာကို လက်သီးနဲ့ ထိုးခဲ့တဲ့ပြစ်မှုအတွက် ထောင်ဒဏ် သုံးနှစ်နဲ့ ခုနှစ်လ ချမှတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

 

အဲဒီဖြစ်ရပ်ကြောင့် တူရကီလိဂ်ဟာ တစ်ပတ်လောက် ရပ်နားထားခဲ့ရသလို အန်ကန်ရာဂူကူကိုလည်း ပေါင် ၅၄,၀၀၀ ဒဏ်ကြေးဆောင်စေခဲ့ပြီး ပရိသတ်မပါဘဲ ငါးပွဲကစားစေခဲ့သလို ကျူးလွန်သူကိုလည်း ကြီးမားတဲ့ ပြစ်ဒဏ်နဲ့ အရေးယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

တစ်နှစ်ခွဲနီးပါးအနားယူပြီးနောက် ပြန်လည်ကစားနိုင်ခဲ့ပြီဖြစ်တဲ့ မာလာစီယာ

 

မန်ယူအသင်းရဲ့ ဘယ်နောက်ခံလူ မာလာစီယာကတော့ ဒဏ်ရာပြဿနာကြောင့် ၁၇ လကြာ အနားယူခဲ့ရပြီးနောက်မှာ ယူ-၂၁ အသင်းနဲ့အတူ ပထမဆုံး ပြန်လည်ကစားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

 

မာလာစီယာဟာ ၂၀၂၃ ခုနှစ် ဇွန်လမှာ လက်ရွေးစင်အသင်းနဲ့အတူ ကစားရင်း ရရှိခဲ့တဲ့ ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတာဖြစ်ပြီး ခွဲစိတ်မှုကို နှစ်ကြိမ် ပြုလုပ်ခဲ့ရတာကြောင့် ကာလရှည်အနားယူခဲ့ရတာ ဖြစ်ပါတယ်။

 

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာလာစီယာဟာ မန်ယူအသင်းထံရောက်လာတဲ့ ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ ၃၉ ပွဲအထိ ကစားခွင့် ရခဲ့သူဖြစ်တာကြောင့် နည်းပြသစ်အမိုရင်ရဲ့ လက်အောက်မှာ ခြေစွမ်းပြနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

ရိုးမားကို တတိယအကြိမ် ကိုင်တွယ်တော့မယ့် ရာနီရေးရီ

 

အသက် ၇၃ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အီတလီဝါရင့်နည်းပြကြီး ရာနီရေးရီကတော့ ရိုးမားအသင်းကို ကိုင်တွယ်ဖို့ သဘောတူလိုက်ပြီ ဖြစ်ပါတယ်။ ရာနီရေးရီအတွက် ဒီတစ်ကြိမ်ဟာ ရိုးမားအသင်းကို တတိယအကြိမ်မြောက်ကို င်တွယ်မှုဖြစ်လာမှာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ၂၀၀၉ စက်တင်ဘာကနေ ၂၀၁၁ ဖေဖော်ဝါရီ၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၉ မတ်လကနေ ဇွန်လထိ ကိုင်တွယ်ခဲ့ဖူးတာပါ။

 

အခုတော့ ရိုးမားအသင်းဟာ မော်ရင်ညိုအလွန်မှာ နည်းပြ နှစ်ယောက်ကို ထုတ်ပယ်ခဲ့ပြီး ရလဒ်ဆိုးတွေကနေ ရုန်းမထွက်နိုင်သေးတာကြောင့် ဝါရင့်နည်းပြကြီးကို ခန့်အပ်ဖို့ ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။

 

ဒူးဒဏ်ရာ ခွဲစိတ်မှုကြောင့် နှစ်လကြာ အနားယူရမယ့် ဘန်ဝှိုက်

 

အာဆင်နယ်အသင်းရဲ့ အားထားရတဲ့ ညာနောက်ခံလူ ဘန်ဝှိုက်ကတော့ ဒူးဒဏ်ရာ အသေးစားခွဲစိတ်မှု ခံယူခဲ့ပြီဖြစ်ပြီး နှစ်လဝန်းကျင် အနားယူရမယ်လို့ သိရပါတယ်။ ဘန်ဝှိုက်ဟာ ဒီရာသီမှာ အသင်းရဲ့ လိုအပ်ချက်အရ  ဒဏ်ရာရှိရက်နဲ့ ကစားပေးနေခဲ့တာဖြစ်ပြီး အခုတော့ ကုသမှုခံယူဖို့ ဆုံးဖြတ်လိုက်တာပါ။

 

ဘန်ဝှိုက်ဟာ အသေးစား ဒူးဒဏ်ရာကို ခံစားနေရတာ တစ်နှစ်ခွဲလောက် ကြာမြင့်နေခဲ့ပြီဖြစ်ပြီး ခွဲစိတ်ကုသမှုကသာ အကောင်းဆုံးဖြစ်မယ်လို့ အသင်းဘက်က ဆုံးဖြတ်ခဲ့တာပါ။

 

ယခုတစ်ပတ်ကစားမယ့် နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အသင်းရဲ့ နောက်ခံလူတွေဖြစ်တဲ့ ကာလာဖီအိုရီနဲ့ တိုမီယာဆုတို့လည်း ပြန်ကစားနိုင်မှာဖြစ်လို့ ဘန်ဝှိုက်ကို ခွဲစိတ်မှုခံယူပြီး အနားပေးဖို့ အသင်းဘက်က ဆုံးဖြတ်ခဲ့တာလို့လည်း သိရှိရပါတယ်။

 

ဆာလား စာချုပ်သစ်အတွက် လီဗာပူးလ် ဆွေးနွေးနေပြီ

 

လီဗာပူးလ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလားကို စာချုပ်သက်တမ်း တိုးနိုင်ရေးအတွက် စတင်ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့ပြီဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ နွေရာသီမှာကတည်းက သူ့ဘက်ကနေ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒရှိပေမယ့် အသင်းဘက်က ဘာမှပြောဆိုခဲ့တာတွေ မရှိဘူးလို့ ဆာလားက ထုတ်ပြောဖူးပါတယ်။ လီဗာပူးလ်အသင်းဟာ ဆာလားအပါအဝင် အဓိက ကစားသမားတွေဖြစ်တဲ့ အာနိုးလ်နဲ့ ဗန်ဒိုက်ချ်တို့လည်း ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။

 

လက်ရှိမှာ ဆာလားနဲ့ သဘောတူညီချက် မရနိုင်သေးပေမယ့် ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်ကာ အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားနေပါတယ်။ ဆာလားဟာ ဒီရာသီမှာ လီဗာပူးလ်အတွက် ဂိုးအများဆုံးသွင်းပေးထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Sky Sports