လားရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီဗုံးကြဲ၊ သုံးဦးသေဆုံးပြီး ကလေးငယ်အပါအဝင် နှစ်ဦးဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Oct 14, 2024

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့အနီးရှိ အီနိုင်းကျေးရွာကို စစ်ကောင်စီက ဒီကနေ့ နံနက် ၁၂ နာရီကျော်မှာ လေကြောင်းနဲ့ ဗုံး ခုနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား သုံးဦး သေဆုံးပြီး အမျိုးသမီးတစ်ဦးနဲ့ ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေး လူမှုကွန်ရက်ကတဆင့် သိရပါတယ်။

 

စစ်ကောင်စီဟာ ပေါင် ၅၀၀ ဗုံးနှစ်လုံး အပါအဝင် ဗုံး ခုနှစ်လုံးကို  လူခြေတိတ်ချိန်မှာ ကြဲချတိုက်ခိုက်ခဲ့တာလို့ လားရှိုးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ညသန်းခေါင် ၁၂ နာရီ ၁၀ မိနစ် မှာတစ်ကြိမ်၊ ၁၂ နာရီ ၁၄ မိနစ်လောက်မှာ တစ်ကြိမ် ဗုံးလာကြဲတာပါ။ လားရှိုးမြို့အနီးတစ်ဝိုက်ကို ဒီဟာနဲ့ဆို နှစ်လအတွင်း ၁၆ ကြိမ်ရှိပြီ”လို့  သူက စစ်ကောင်စီ ဗုံးကြဲမှုတွေကို  CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတွေ သေဆုံးရတဲ့အပြင် လူနေအိမ် ၂၀ ကျော်၊ ဆေးခန်းနဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတို့အပြင် အများပြည်သူဆိုင်ရာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ MNDAA က ဒီနေ့ နေ့လယ်မှာ ထုတ်ပြန်ထားပါတယ်။

အခုလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် လားရှိုးဒေသခံတွေဟာ ညစဉ်ကောင်းကောင်းအိပ်လို့မရဘဲ ကြောက်လန့်နေရပါတယ်။

 

ဒါ့အပြင် အလုပ်အကိုင် ခက်ခဲတာတွေနဲ့ ကုန်စျေးနှုန်း ကြီးမြင့်တာတွေကလည်း သူတို့အပေါ် ထပ်ဆင့် သက်ရောက်မှုတွေရှိနေပြီး အစစအရာရာ ခက်ခဲနေရတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။

 

လားရှိုးမြို့ကို ဩဂုတ်လ ၃ ရက်နေ့က MNDAA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ မြေပြင်မှာ ဆောင်ရွက်တာတွေရှိပေမဲ့ စစ်ကောင်စီက စစ်ရေးနဲ့ သက်ဆိုင်မှုမရှိတဲ့ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံ ဆေးခန်းတွေ၊ မြို့မဈေးနဲ့ ဘာသာရေး အဆောက်အအုံတွေကို လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာဖြစ်ပါတယ်။

 

ဓာတ်ပုံ – Lashio Reconstruction

 

ပုံစာ – စစ်ကောင်စီဗုံးကြဲခဲ့တဲ့ လားရှိုးမြို့အနီး အီနိုင်းကျေးရွာကို တွေ့ရစဉ်