NCA ထောက်ခံတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ အတွင်းရေးမှူးဟောင်းနှစ်ယောက်ကို PNLO ထုတ်ပယ်

Published on Oct 14, 2024

PNLO-NCA-S ဆိုပြီး အဖွဲ့သစ်ဖွဲ့စည်းလိုက်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ အတွင်းရေးမှူးနှစ်ယောက်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)က ထုတ်ပယ်လိုက်ပါတယ်။

 

အဲဒီလို ထုတ်ပယ်တယ်လို့ စစ်ကောင်စီကို တိုက်နေတဲ့ PNLO ဘက်က ဦးဆောင်နာယက ဗိုလ်မှူးကြီးလို့ မသုံးတော့ဘဲ သက်ကြီး/ဂုဏ်ကြီး ပအိုးဝ်အမျိုးသားတွေမှာ အသုံးပြုလေ့ရှိတဲ့ ‘ဖြား’ လို့သာ သုံးနှုန်းထားတာကို PNLO/PNLA ရဲ့ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။

 

ဗိုလ်မှူးကြီး ခွန်ဥက္ကာအပါအဝင် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁)ဗိုလ်မှူးခွန်မင်းသိမ်းနဲ့ တွဲဖက် အထွေထွေအတွင်းရေးမှူး(၂)နန်းယဉ်ယဉ်စိုးတို့ကို ထုတ်ပယ်နိုင်ဖို့ PNLO/PNLA ဘက်က အောက်တိုဘာ ၁၁ နဲ့ ၁၂ ရက်တို့မှာ တတိယအကြိမ် ညီလာခံခေါ်ယူဆွေးနွေးခဲ့ကြတာပါ။

 

အဲဒီအစည်းအဝေးအပြီး အောက်တိုဘာ ၁၃ ရက်စွဲနဲ့ ၎င်းတို့ သုံးယောက်ကို ထုတ်ပယ်တယ်လို့ PNLO က ဆိုလာပါတယ်။

 

PNLO/PNLA ရဲ့ ဗိုလ်မှူးကြီးဟောင်းအပါအဝင် ၎င်းတို့သုံးဦးဟာ အောက်တိုဘာလ ၉ ရက်နေ့မှာ PNLO-NCA-S ကို ဖွဲ့စည်းလိုက်ကြတာဖြစ်ပါတယ်။

 

ဒီလိုအဖွဲ့ဖွဲ့တာဟာ PNLO ရဲ့ အခြေခံမူနဲ့ ဖွဲ့စည်းပုံကို ချိုးဖောက်တယ်လို့ဆိုပြီး အဖွဲ့ဝင်အဖြစ်ကနေ‌ PNLO က ထုတ်ပယ်လိုက်တာပါ။ ဒါပေမဲ့ စတုတ္ထအကြိမ်ညီလာခံမှာ ၎င်းတို့သုံးဦးအနေနဲ့ အယူခံဝင်ခွင့်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့မှာ ဗိုလ်မှူးကြီးဟောင်း ခွန်ဥက္ကာအပါအဝင် PNLO ရဲ့ ဗဟိုအလုပ်မှုဆောင် ၁၀ ရာခိုင်နှုန်းဟာ စစ်ကောင်စီတပ်ရဲ့ NCA လမ်းကြောင်းပေါ်ကနေပဲ ဆက်သွားမယ်ဆိုပြီး နုတ်ထွက်ခဲ့ကြပါတယ်။

 

ပုံစာ – လူမှုကွန်ရက်