ထန်တလန်တိုက်ပွဲမှာ CDF-Thantlang စစ်ဦးစီးချုပ် ကျဆုံး

Author ဆလိုင်း
Categories
Published on Oct 14, 2024

ချင်းပြည်၊ ထန်တလန်မြို့ တိုက်ပွဲမှာ ချင်းကာကွယ်ရေးတပ်-ထန်တလန် စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ် ကျဆုံးခဲ့တယ်လို့ အဲဒီတပ်ဖွဲ့တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

 

“ကျွန်တော်တို့ စစ်ဦးစီးချုပ် ကျသွားတယ်ဆိုတာ ဟုတ်ပါတယ်” လို့ CDF-Thantlang တာဝန်ရှိသူတစ်ဦးက CJ Platform ကို အတည်ပြုပါတယ်။

 

၎င်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က ထန်တလန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် လက်နက်ကြီးကျည် ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“NLD ရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့လုပ်နေအချိန် ရဲစခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထင်တယ်။ အဲဒီလက်နက်ကြီးကျည် ထိမှန်ပြီး စစ်ဦးစီးချုပ်အပါအဝင် နှစ်ဦးကျဆုံးခဲ့တယ်” လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။

 

CDF-Thantlang စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲလ်ဟာ ထန်တလန်မြို့ တိုက်ပွဲတလျောက် ကိုယ်တိုင်ပါဝင် တိုက်ခိုက်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် သူဟာ ချင်းအမျိုးသားရေး တက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သလို ထန်တလန်မြို့နယ် ကျောင်းသားများမိသားစု(Thantlang Sianghleirun Chungkhar-TSC)ဥက္ကဋ္ဌဖြစ်ပြီး ချင်းကျောင်းသားအဖွဲ့အစည်းတွေမှာလည်း ဦးဆောင်ပါဝင်သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ ထန်တလန် တက္ကသိုလ်ကျောင်းသူ/ကျောင်းသားတွေအတွက်တော့ ခေါင်းဆောင်လည်းဟုတ်တယ်။ စီနီယာအစ်ကိုကြီးလည်း ဟုတ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့အတွက် တကယ့်စံပြပါပဲ။ အရက်၊ ဘီယာ၊ ဆေးလိပ်သုံးစွဲထားတာတွေလည်းမရှိဘူး။ လူမှုရေး၊ အမျိုးသားရေးမှာလည်း ရှေ့ဆုံးက တက်ကြွစွာပါဝင်တယ်” လို့ ထန်တလန်တက္ကသိုလ်ကျောင်းသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဆလိုင်းရမ်ဇဲလ် ကျဆုံးချိန်မှာ အသက် ၃၀ နှစ်အရွယ်သာရှိပြီး ၎င်းမှာ ဇနီးနဲ့ ကလေးနှစ်ဦး ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

 

လက်ရှိ ထန်တလန်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီနေရာယူတပ်စွဲထားတဲ့ NLD ရုံးနဲ့ ရဲစခန်းနှစ်ခု ကျန်ရှိသေးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိမယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – CDF-Thantlang

 

ပုံစာ – ကျဆုံးသွားတဲ့ CDF- Thantlang စစ်ဦးစီးချုပ်ကို တွေ့မြင်ရစဥ်