AA ထိန်းချုပ်ထားတဲ့ ဆမီးမြို့ ထွေအုပ်ရုံး ဗုံးကြဲခံရပြီး မီးလောင်ပျက်စီး
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ ထွေအုပ်ရုံးကို စစ်ကောင်စီတပ်က ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက်နေ့၊ ည ၁၁ နာရီကျော်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်တာကြောင့် မီးလောင်ပျက်စီးပြီး လူထိခိုက်သေဆုံးမှုလည်း ရှိနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆမီးမြို့ကို AA ထိန်းချုပ်တဲ့ တစ်နှစ်ပြည့်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတာ ဖြစ်ပါတယ်။
“ဂျက်ဖိုက်တာ တစ်စင်းနဲ့ ထွေအုပ်ရုံးကို မနေ့ညက ၁၁ နာရီ ၁၂ မိနစ်အချိန်လောက်မှာ ဗုံးသီး နှစ်လုံးကြဲတယ်။ ည ၁၁ နာရီ ၁၅ မိနစ်အချိန်လောက်မှာ ပေါင် ၅၀၀ ဗုံးသီးတစ်လုံး ထပ်ကြဲတယ်။ စုစုပေါင်း ဗုံးသီး သုံးလုံးနဲ့ နှစ်ကြိမ်လာရောက်ပြီး ကြဲချသွားတယ်”လို့ အမှတ်-၂ ရပ်ကွက်နေ အသက် ၄၀ နှစ်အရွယ် ဆမီးမြို့ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒါ့အပြင် ထွေအုပ်ရုံး အနီးနားက လူနေအိမ်တချို့လည်း ထိခိုက် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“ထွေအုပ်ရုံက မနေ့ည တစ်ညလုံး မီးလောင်နေတယ်။ ရုံးမှာနေတဲ့လူတွေ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ အနီးအနားက လူနေအိမ်လည်း ထိခိုက် ပျက်စီးမှုရှိတယ်။ ညဘက်ကြီးဆိုတော့ ထိခိုက်ပျက်စီးမှုအခြေနေ အသေးစိတ် မသိရသေးဘူး”လို့ အသက် ၃၀ နှစ်အရွယ် ဆမီးမြို့ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။
ဆမီးမြို့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ လူထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောဆိုထားပေမဲ့ ဆမီးမြို့မှာ ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက်ကစပြီး ဆက်သွယ်ရေး ဖုန်းလိုင်း ပြတ်တောက်ခံရတာကြောင့် CJ Platform အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
ဒါ့အပြင် စစ်ကောင်စီက ဆမီးမြို့ကို ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားတာတွေ မရှိသေးပါဘူး။ ဆမီးမြို့ကို AA က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိထားပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – ဆမီးမြို့ကို တွေ့မြင်ရစဥ်။ (ပုံအဟောင်း)