ဒေသတွင်း တင်းမာမှု မြင့်တက်နေချိန်မှာ တာတိုပစ်ဒုံးကျည်တွေ မြောက်ကိုရီးယား ပင်လယ်ထဲ ထပ်ပစ်
မြောက်ကိုရီးယားနိုင်ငံဟာ ဒေသတွင်း တင်းမာမှု မြင့်တက်နေချိန်၊ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် သမ္မတရာထူးရယူဖို့ တစ်ပတ်သာ လိုတော့ချိန် တာတိုပစ်ဒုံးကျည်တွေကို ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မနက်ပိုင်းမှာ ပင်လယ်ထဲ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒုံးကျည်တွေကို တရုတ်နယ်စပ်အနီးက ဂျာနယ်ပြည်နယ်တွင်းကနေ ဒေသစံတော်ချိန် မနက် ၉ နာရီခွဲဝန်းကျင်မှာ ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဆိုပါတယ်။ တာလတ်ပစ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၂၅၀ (၁၅၅ ဒသမ ၃ မိုင်) အထိ ပျံသန်းခဲ့ပြီးနောက်မှာ ပင်လယ်ပြင်ထဲ ကျရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ ပြီးခဲ့တဲ့ အပတ်တွင်းမှာလည်း ကီလိုမီတာ ၁,၁၀၀ လောက်ထိ ရောက်ရှိခဲ့တဲ့ တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို နိုင်ငံရဲ့အရှေ့ဘက် ပင်လယ်ပြင်ထဲ ပစ်လွှတ်ခဲ့ပါသေးတယ်။
မြောက်ကိုရီးယားအနေနဲ့ နှစ်သစ်အစပိုင်းမှာ အခုလိုမျိုး ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့တာဟာ သူတို့ရဲ့ နျူးကလီးယားလက်နက် ဖွံ့ဖြိုးတိုးတက်လာမှုကို ပြသတာလည်းဖြစ်သလို လိုအပ်လာရင် နျူးကလီးယားလက်နက်တွေကို ပစ်ခတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ပြတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ အပတ်အတွင်း အမေရိကန်ရဲ့နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သူ တောင်ကိုရီးယားနိုင်ငံကိုရောက်နေတုန်း မြောက်ကိုရီးယားရဲ့ တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ် ပစ်ခတ်ခဲ့မှုကို ရှုတ်ချပြောဆိုလိုက်ပြီးနောက်မှာ ကင်က သူ့ရဲ့ အသံထက်မြန်တဲ့ ဒုံးကျည်အသစ်ဟာ ပစိတ်ဖိတ်ဒေသတွင်းက သူ့ရဲ့ ပြိုင်ဘက်တွေအားလုံးကို ထိန်းထားနိုင်တယ်လို့ ပြောပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ သမ္မတဖြစ်သူ ယွန်ဆွတ်ယိုလ်က ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ဆိုင်းငံ့ခံထားရပြီးနောက်မှာ မြောက်ကိုရီးယားဘက်က ဒုံးကျည်အသစ်တွေ စမ်းသပ်ပစ်လွှတ်မှုတွေ ခပ်စိပ်စိပ် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဘက်ဆိုင်ရာ အရာရှိတချို့ဟာလည်း အဲဒီ စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရာထူးက ဆိုင်းငံ့ခံရတာ ဒါမှမဟုတ် ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ကြုံနေရပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် လက်ရှိယာယီသမ္မတလည်း ဖြစ်တဲ့ ချွိုင်ဆန်မော့ကတော့ မြောက်ကိုရီးယားရဲ့ လုပ်ဆောင်ချက်တွေကို ပြင်းပြင်းထန်ထန်တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။ သူဟာ အရင်ကလည်း မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ တိုက်ပွဲအတွက် အသင့်ပြင်ထားဖို့ ပြောဆိုထားပါတယ်။
တောင်ကိုရီးယားမှာ မကြုံစဖူး နိုင်ငံရေးအကျပ်အတည်း ကြီးကြီးမားမား ကြုံကြိုက်နေချိန်ဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုများပြားလာတာနဲ့ တိုက်ဆိုင်နေပါတယ်။
မြောက်ကိုရီးယားဟာ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေကို ရုရှား – ယူကရိန်းစစ်ပွဲကို စေလွှတ်ပြီး ရုရှားဘက်က ကူတိုက်ပေးဖို့ လုပ်ဆောင်ထားပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ် တောင်ကိုရီးယားနိုင်ငံတို့ကတော့ ကင်ဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို အမြောက်ကျည် အမြားအပြားလည်း ပေးပို့ကူညီခဲ့တယ်လို့ စွပ်စွဲပြောဆိုပါတယ်။
အပြန်အလှန်အနေနဲ့ ရုရှားဘက်က မြောက်ကိုရီးယားရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကူအညီတွေပေးခဲ့သလို ကင်ရဲ့ လက်နက်ထုတ်လုပ်ရေး အဆင့်မြင့်တင်နိုင်ဖို့အတွက်လိုအပ်တဲ့ အကူအညီတွေပေးခဲ့တယ်လို့လည်း ကန်နဲ့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားကြား အပြန်အလှန် လက်နက်လွှဲပြောင်းကြောင်း
အထောက်အထားတွေ ရှိနေပေမဲ့ နှစ်နိုင်ငံစလုံးကတော့ အဲဒီ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဓာတ်ပုံ – Reuters
ပုံစာ- မြောက်ကိုရီးယားရဲ့ တာတိုပစ်ဒုံးကျည်တွေ ပစ်ခတ်နေမှုသတင်းကို တောင်ကိုရီးယားသတင်းဌာနတွေက ထုတ်လွှင့်နေပုံ
ကိုးကား- Bloomberg News