ရခိုင်မှာ စစ်ကောင်စီတပ် ဗုံးကြဲလို့ နှစ်ပတ်အတွင်း သေဆုံးနဲ့ ဒဏ်ရာရ ၅၀ ဝန်းကျင်စီ ရှိ

Author သုတ
Categories
Published on Jan 14, 2025

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်က မြို့နယ်တွေကို နှစ်ပတ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သား ၄၇ ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိတယ်လို့ CJ Platform ရဲ့ စာရင်းတွေအရ သိရပါတယ်။

 

အခုလို နေ့စဉ်ဗုံးကြဲမှုတွေကြောင့် ရခိုင်ပြည်သူတွေရဲ့ နေ့စဉ်လူမှု စီးပွားဘဝတွေကို ပျက်စီးစေသလို စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ နေထိုင်နေရတယ်လို့ မြောက်ဦးဒေသခံ အသက် ၅၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ဘာအလုပ်မှလည်း မလုပ်ရဲတော့ဘူး။ အိမ်မှာနေရင်တောင် လန့်လန့်နိုးတယ်။ နားထဲမှာလည်း လေယာဉ်သံတွေပဲ ကြားနေရသလိုပဲ။ ညဘက်တွေလည်း ကောင်းကောင်းမအိပ်ရဲဘူး။ ဘယ်အချိန် ဘာဖြစ်မလဲကိုပဲ စိုးရိမ်နေရတယ်”လို့ ပြောပါတယ်။

 

ရခိုင်မှာ မြို့နယ်ပေါင်း ၁၄ ခုအထိ လက်လွှတ်ထားရတဲ့ စစ်ကောင်စီဟာ AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ဆက်တိုက်ဆိုသလို ဗုံးကြဲမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ဇန်နဝါရီလ ၁၁ ရက်နေ့က ကျောက်တော်မြို့ရဲ့ မြို့မစျေးနဲ့ လူနေထူထပ်တဲ့ ရပ်ကွက်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

“မြို့ထဲကို ဗုံးကျတုန်းက အစအ နရှာမရတာတွေလည်း ရှိတယ်။ ပျောက်နေသူတွေလည်းရှိတော့ စာရင်းအတိအကျတော့ မသိရနိုင်ဘူး။ သေဆုံးသူပိုများနိုင်တဲ့ အခြေအနေမှာရှိပါတယ်။ အခုဆို အကုန်ထိတ်လန့်နေကြတယ်။ ကျောက်တော်က အသိမ်းခံရပြီးနောက် ဗုံးကြဲခံရမှုအများဆုံး မြို့နယ်ပါ”လို့  အသက် ၂၇ နှစ်အရွယ် ကျောက်တော်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ယမန်နေ့ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီက ပေါက်တောမြို့ကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ပြီး နေအိမ်တချို့ ပျက်စီးသွားတယ်လို့ သိရပါတယ်။

 

အလားတူ ဇန်နဝါရီလ ၈ ရက်နေ့ကလည်း ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် လူ ၂၆ ဦး သေဆုံးပြီး နောက်ထပ် ၂၇ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ယမန်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၅ ရက်နေ့တို့မှာလည်း ပုဏ္ဏားကျွန်းမြို့ကို စစ်ကောင်စီက ဗုံးကြဲလို့ အရပ်သား ကိုးဦး သေဆုံးကာ ကိုးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

 

ဒါ့အပြင် ဂွမြို့၊ ဆပ်သွားရွာကို ဇန်နဝါရီလ ၄ ရက်နေ့မှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲခဲ့ပြီး လူအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဲဒီအိမ်မှာနေထိုင်သူ တစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ်ခုလုံး မီးလောင်ပျက်စီးသွားပါတယ်။

 

အခုဖော်ပြထားတဲ့ ထိခိုက်သေဆုံးသူအရေအတွက်ဟာ CJ Platform က ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး လေကြောင်းဗုံးကြဲခံရမှုဖြစ်စဉ်အတွင်း လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူ တချို့ရှိနေသေးတာကြောင့် ထိခိုက်သေဆုံးမှုစာရင်းဟာ အနည်းငယ် ကွာဟမှုရှိနိုင်ပါတယ်။

 

စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ်  ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အပြစ်မဲ့ ပြည်သူတွေကို သတ်ဖြတ်နေတာ ဖြစ်တာကြောင့် စစ်ရာဇဝတ်မှုကို ကျူးလွန်ပြီး ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်နေတာဖြစ်တယ်လို့ ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – APM

 

ပုံစာ – ပေါက်တောမြို့၊ တောင်ဦးမော်ရွာကို ယမန်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ထိခိုက်ပျက်စီးမှုကို တွေ့ရစဉ်