တိုက်ပွဲပြင်းထန်ခဲ့တဲ့ ပုလောနဲ့ လောင်းလုံးမှာ ဒေသခံသောင်းနဲ့ချီအထိနာနေ အရေးပေါ်အကူအညီတွေလိုအပ်နေ

Author မင်းထက်
Categories
Published on Jan 14, 2025

တနင်္သာရီတိုင်း၊ ပုလောနဲ့ လောင်းလုံးမြို့နယ်တို့မှာ တိုက်ပွဲနဲ့ စစ်ကောင်စီရန်တွေကြောင့် ဒေသခံအရပ်သားသောင်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ အဲဒီမြို့နယ်တွေရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်မှာ CJ Platform ကို ပြောပါတယ်။

 

ပုလောမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၆ ရက်ကနေစတင်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီရဲ့လေကြောင်းနဲ့ လက်နက်ကြီးရန်တို့ကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ဒီကနေ့အထိ ရွှေ့ပြောင်းနေကြရဆဲဖြစ်တယ်လို့ ဒေသတွင်း NUG အုပ်ချုပ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။

 

“ဒီကနေ့ထိကတော့ တိမ်းရှောင်နေကြဆဲဗျ။ ခုလ ၆ ရက်နေ့လောက်ကတည်းက တိုက်ပွဲတွေရှိခဲ့တာရယ်ကြောင့် စရှောင်နေတာပါ။ ခုက တိုက်ပွဲမရှိတော့ဘဲ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေပစ်ခတ်တာတွေရှိနေတာပါ” လို့ ဇရပ်ဆိပ်ကျေးရွာရဲ့ NUG အုပ်ချုပ်ရေးမှူးက CJ Platform ကို ပြောပါတယ်။

 

တိုက်ပွဲတွေကြောင့် စက်တော်ရာ၊ တပို့၊ မိန်းမမြို့၊ ဇရပ်ဆိပ်နဲ့ ကျောက်ကမ်းဖဲ စတဲ့ကျေးရွာတွေက ဒေသခံ စစ်ရှောင် ၃,၃၀၀ ကျော် စစ်ဘေးရှောင်နေရတယ်လို့ အဲဒီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာ၀န်ခံက လက်ရှိကောက်ယူရရှိထားတဲ့စာရင်းအရ CJ Platform ကို​ ပြောပါတယ်။

 

မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းနဲ့ပူးပေါင်းတပ်က ပုလောမြို့နယ်၊ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ စက်တော်ရာရွာ၊ ပါဒစက်တော်ရာဘုရားဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ မြိတ်အခြေစိုက် ခလရ-၁၇ ဌာနချုပ်တို့ကို ဇန်နဝါရီ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

ဇန်နဝါရီ ၉ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကနေ ၂၃ ကြိမ်၊ ဗုံးအလုံးရေ ၇၀ ခန့်နဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စက်တော်ရာရွာက နေအိမ် သုံးဆောင်နဲ့ ထမင်းဆိုင် တစ်ဆိုင် မီးလောင်ပျက်စီးခဲ့တယ်လို့ ပုလောမြို့နယ်၊ ပအဖနဲ့ မြိတ်ခရိုင်တပ်ရင်း-၁ က တာ၀န်ရှိသူ နှစ်ဦးရဲ့ပြောကြားချက်အရ သိရပါတယ်။

 

“အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုပြီးတော့ စစ်ကောင်စီက လူ၊ လက်နက်၊ ရိက္ခာ သယ်ယူတာတွေ လုပ်လေ့ရှိတယ်။ အဓိကအားဖြင့် ရေး၊ ထားဝယ်၊ မြိတ်ပေါ့။ အဲဒီလမ်းကို ထိန်းချုပ်နိုင်ရင်တော့ စစ်ကောင်စီရဲ့ ထောက်ပို့ရေးလမ်းကြောင်းကို အတိုင်းအတာတစ်ခုထိ ကြန့်ကြာအောင်‌ လုပ်နိုင်မယ်ခင်ဗျ” လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း သတင်းနဲ့ ပြန်ကြာရေးတာဝန်ခံ ရဲဘော်အာနိုးက ပြောပါတယ်။

 

အဲဒီမှာ ဒီကနေ့အထိ စစ်ရေးအခြေအနေက တင်းမာနေပေမဲ့ ဒရုန်းတိုက်ခိုက်မှုတွေပဲရှိကာ မြေပြင်‌မှာတော့ ထိတွေ့မှုမရှိဘူးလို့ သူက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်ကလည်း တပိုရွာထဲကိုဝင်လာတဲ့ အင်အား ၁၂၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

အထိနာခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ တပိုရွာကနေ စက်တော်ရာရွာ၊ ပါဒစက်တော်ရာဘုရားဝန်းအတွင်း ပြန်ဆုတ်လာချိန် ပုလော-မြိတ်ကားလမ်းပေါ်က ကျေးရွာချင်းဆက်ရွာတွေဖြစ်တဲ့ တပို၊ စက်တော်ရာနဲ့ ကြဲရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ရော်ဘာခြံဧက ၅၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

 

အဲဒီစစ်ကြောင်းက ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်မနက်ပိုင်းမှာ ကြဲရွာက အိမ်တွေကို စစ်ကောင်စီတပ်က ဆက်လက်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပုလောမြို့နယ်ပအဖ တာ၀န်ခံက ပြောပါတယ်။

 

စစ်ကောင်စီစစ်ကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီးရန်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပုလောဒေသခံတွေအနေနဲ့ ရိက္ခာ၊ အမိုးအကာတွေအပြင် ဆေး၀ါးလိုအပ်ချက်တွေရှိနေတယ်လို့ အဲဒီမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

 

အဲဒီလိုပဲ လောင်းလုံးမြို့နယ်မှာလည်း အလားတူအန္တရာယ်တွေကြောင့် ကျောက်မတ်တပ်၊ ဇလွတ်၊ ကျောက်နီမော်၊ ညောပြင်၊ အောက်ကျောက်၀ပ် စတဲ့ကျေးရွာ ခုနှစ်ခုခန့်က ဒေသခံ ငါးထောင်ခန့်ဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

 

“အထူးသဖြင့် ကျောက်နီမော်မှာ နေအိမ်မီးရှို့ခံထားရတာတွေရှိတယ်။ အဲဒီပြည်သူတွေအပါအ၀င် တချို့ပြည်သူတွေက သူတို့အတွက် နေထိုင်ဖို့လုံခြုံမှုမရှိနေသေးတဲ့အခြေအနေမျိုးတွေ ခံစားရလို့မပြန်ရသေးတဲ့အခြေအနေတွေရှိနေပါတယ်” လို့ လောင်းလုံးမြို့နယ်ပအဖ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီစစ်ရှောင်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းသုံးခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီဘက်က လေကြောင်းအပြင် စစ်ရေယာဉ်တွေကနေပါ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပကဖ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

 

အဲဒီလိုပစ်ခတ်တာအပြင် မီးရှို့ဖျက်ဆီးတာတွေကြောင့် ကျေးရွာအတွင်းက နေအိမ် ၂၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

အဲဒီလို တိုက်ပွဲတွေနဲ့ စစ်ရေးအခြေအနေတွေကြောင့် တိမ်းရှောင်နေကြရသူတွေကို ဒေသတွင်းစစ်ရှောင်ကူညီရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ မြို့နယ်ပအဖ၊ ပကဖအဖွဲ့အစည်းတွေက ၀ိုင်း၀န်းကူညီပေးနေပြီး ရက်ရှည်တိမ်းရှောင်နေကြရသူတွေဖြစ်တာကြောင့် လိုအပ်ချက်အများအပြား ရှိနေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ထားဝယ်ခရိုင်တပ်ပေါင်းစုဦးဆောင်မှုနဲ့ ပူးပေါင်းအဖွဲ့တွေက လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

 

အဲဒီတိုက်ခိုက်မှုမှာ နှစ်ဖက်တိုက်ခိုက်မှုပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ရေကြောင်းကနေ လက်နက်ကြီးပစ်ကူခဲ့တဲ့ကြားက စစ်ကောင်စီ ဗိုလ်ကြီးအဆင့်ရှိတဲ့ ယာယီစစ်ကြောင်းမှူးတစ်ဦးအပါအဝင် ရှစ်ဦးကျော်သေဆုံးစေတဲ့အထိ တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း

 

ပုံစာ- တိုက်ပွဲတွေနောက် ပိတ်မိနေတဲ့ ဒေသခံတွေကို ကျေးရွာအတွင်းက မြိတ်ခရိုင်တပ်ရင်း ၁ ရဲဘော်တွေက ကူညီကယ်ထုတ်နေစဥ်(ပုံဟောင်း)