တောင်အာဖရိကက ရွှေတွင်းဟောင်းထဲ လနဲ့ချီ ပိတ်မိနေတဲ့ တရားမဝင်အလုပ်သမားတွေထဲက ၁၀၀ ကျော် သေဆုံး
တောင်အာဖရိကနိုင်ငံက စွန့်ပစ်ထားတဲ့ ရွှေတွင်းဟောင်းမှာ ဝင်ရောက်လုပ်ကိုင်ရင်း လအတန်ကြာတဲ့ထိ ရွှေတွင်းထဲ ပိတ်မိနေတာကြောင့် အနည်းဆုံး တရားမဝင် အလုပ်သမား ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ သတ္တုတွင်းလုပ်သားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့က ယမန်နေ့ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ပြောဆိုပါတယ်။
မြေအောက်ထဲမှာ ပိတ်မိနေတဲ့ အလုပ်သမား တချို့ဟာ အစာရေစာ ပြတ်လပ်တာနဲ့ ရေဓာတ်ခမ်းခြောက်တာတွေကြောင့် သေဆုံးသွားကြတာဖြစ်နိုင်ပြီး နောက်ထပ် အလုပ်သမား ၅၀၀ ကျော်လည်း ပိတ်မိနေဆဲဖြစ်တယ်လို့ သတ္တုတွင်းလုပ်သားတွေရဲ့ အခွင့်အရေးအတွက် လုပ်ကိုင်နေတဲ့ (MACUA) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဘယ်လိုမန်ဂူနီက ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သောကြာနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ တွင်းထဲက ကယ်တင်နိုင်ခဲ့တဲ့ လုပ်သားတစ်ဦးရဲ့ဖုန်းထဲမှာ ပလတ်စတစ်တွေနဲ့ ပတ်ထားတဲ့ ဒါဇင်နဲ့ချီတဲ့ အလောင်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံကိုလည်း တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကယ်ဆယ်ရေးစတင်လုပ်ဆောင်ခဲ့တဲ့ နိုင်ငံအနောက်မြောက်ဘက် ပြည်နယ်က မိုင်းတွင်းထဲမှာ အနည်းဆုံး လူ ၁၀၀ ကျော်သေဆုံးခဲ့ရတယ်လို့လည်း မစ္စတာ မန်ဂူနီက ဆိုပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က နေစတင်ခဲ့တဲ့ ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေမှာ လုပ်သား ၂၆ ဦးကို မြေပြင်ပေါ်ကို အသက်ရှင်ရက်ကယ်တင်နိုင်ခဲ့ပြီး သေဆုံးသူ ၁၈ ဦးရဲ့ ရုပ်အလောင်းတွေကိုလည်း ဆယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရဲတပ်ဖွဲ့ဟာ အသက်ရှင်ရက် ကယ်ဆယ်နိုင်သူတွေနဲ့ ဆယ်ထုတ်နိုင်ခဲ့တဲ့ ရုပ်အလောင်းတွေရဲ့ အရေအတွက်တွေကို အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။ အာဏာပိုင်တွေဟာလည်း အပြည့်အဝ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေကြပါတယ်။
တောင်အာဖရိကနိုင်ငံမှာ တရားမဝင် ရွှေတွင်းတူးဖော်မှုတွေ များပြားနေပြီး တရားမဝင် အလုပ်သမားတွေဟာ စွန့်ပစ်ထားတဲ့ ရွှေတွင်းတွေမှာ ကျန်ရှိနေတဲ့ ရွှေတွေကိုရှာဖို့ မကြာခဏ ဝင်ရောက်လုပ်ကိုင်တာတွေလည်း ရှိနေပါတယ်။
အခင်းဖြစ်ပွားရာ စတယ်လ်ဖွန်တိန်းမြို့အနီးက ဘက်ဖယ်လ်ဖွန်တိန်း ရွှေတွင်းဟာ ပြီးခဲ့တဲ့ နှစ်လလောက်ကတည်းက အာဏာပိုင်တွေက ပိတ်ပစ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် သတ္တုတွင်းလုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့နေကြတဲ့ ရွှေတွင်းလည်း ဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေကတော့ သတ္တုတွင်းလုပ်သားတွေဟာ ဖမ်းဆီးခံရမှာကို ကြောက်တာကြောင့် မြေပြင်ပေါ်တက်လာဖို့ ငြင်းဆန်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ပိတ်မိနေတဲ့သူတွေကို အစာနဲ့ရေ ထောက်ပံ့မှုတွေ ရပ်ဆိုင်းခဲ့ပါတယ်။
မစ္စတာ မန်ဂူနီကတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေကို ဝေဖန်ပြစ်တင်ခဲ့ပြီး အခုလိုလုပ်နေတာတွေက ပိတ်မိနေမှုကို ပိုပြီးဆိုးရွားစေတယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
MACUA အဖွဲ့ဟာ အရင်ကလည်း လုပ်သားတွေဆီကို အစာရေစာနဲ့ ဆေးဝါး အထောက်အပံ့တွေ ပေးပို့ခွင့်ပြုဖို့အတွက် တရားခွင်မှာ အနိုင်ရခဲ့ပါတယ်။
MACUA က ထုတ်ပြန်တဲ့ ဖုန်းတွင်းက ရထားတဲ့ ရုပ်သံထဲမှာ ကြုံလှီနေတဲ့ လုပ်သားတွေနဲ့ ပလတ်စတစ်တွေနဲ့ ထုပ်ပိုးထားတဲ့ ရုပ်အလောင်းတွေကို မြင်တွေ့ရပါတယ်။
အဲဒီရုပ်သံဟာ စိုးရိမ်စရာကောင်းလွန်းတဲ့ အခြေအနေနဲ့ အကူအညီတောင်းခံနေတာကို ဖော်ပြနေတယ်လို့လည်း ဆိုပါတယ်။
အနက် ၂ ဒသမ ၅ ကီလိုမီတာ အထိရှိတဲ့ မိုင်းတွင်းထဲမှာ နောက်ထပ် သတ္တုတွင်းလုပ်သား ၅၀၀ ကျော် ထပ်ရှိနိုင်သေးပြီး သူတို့တွေဟာ ကွန်ရက်လို ရှုပ်ထွေးနေတဲ့ မိုင်းတွင်းထဲမှာ အကွဲကွဲ အပြားပြားအနေအထားနဲ့ ပိတ်မိနေတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ယူဆထားပါတယ်။
သတ္ထုတွင်းထဲကနေ ပြန်လည်ဆယ်ထုတ်နိုင်ခဲ့တဲ့ ရုပ်အလောင်းတစ်ခုကို ခွဲစိတ်စစ်ဆေးမှုတွေအရတော့ အစာရေစာငတ်ပြတ်ခြင်းကြောင့် သေဆုံးရတာဖြစ်တယ်လို့ သိရပါတယ်။
ပြန်လည်လွတ်မြောက်နိုင်ခဲ့တဲ့ လုပ်သားတွေကတော့ လွတ်မြောက်နိုင်ဖို့အတွက် ဥမင်လှိုဏ်ခေါင်းတစ်ခုကနေ တစ်ခုကိုရောက်ဖို့ ရက်အတော်ကြာတဲ့အထိ တွားသွားခဲ့ရတယ်လို့ ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်ပြောပြပါတယ်။
မိုင်းတွင်းဆီကို ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ အစိုးရအဖွဲ့ကိုယ်တိုင် လာရောက်မှာဖြစ်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကြီးကြပ်ဖို့ရှိတယ်လို့လည်း သိရပါတယ်။
အစိုးရတာဝန်ရှိသူတွေဟာ နိုင်ငံရဲ့အနောက်မြောက်ပိုင်း ပြည်နယ်မှာရှိတဲ့ တရားမဝင်ရွှေတွင်းတွေကို ပိတ်ပင်ခဲ့ပြီး တရားမဝင် သတ္တုတွင်း လုပ်သား ၁,၅၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ ဘက်ဖယ်လ်စတိန်းရွှေတွင်းကို ပိတ်ဖို့ကြိုးပမ်းချက်ဟာလည်း အဲဒီလုပ်ဆောင်ချက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
တာဝန်ရှိသူတွေဟာ တရားမဝင် သတ္တုတွင်းလုပ်သားတွေကိုကို ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတဲ့ ရွှေခိုးတူးသူတွေအဖြစ် ပုံဖော်သတ်မှတ်ကြပေမဲ့ မစ္စတာ မန်ဂူနီကတော့ ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ဖို့ ကြိုးပမ်းနေတဲ့ သတ္တုတွင်းလုပ်သားဟောင်းတွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – AP Photo/ Denis Farrell
ပုံစာ- ရွှေတွင်းဟောင်းထဲပိတ်မိနေတဲ့ သတ္တုတွင်းလုပ်သားတွေကို ကယ်ဆယ်နိုင်ဖို့ တာဝန်ရှိသူတွေ လုပ်ဆောင်နေတာကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့မြင်ရစဉ် (ပုံအဟောင်း)
ကိုးကား- AP Photo