ရေတပ်ချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်း ခန့်အပ်ခံရ

Author စကားဝါ
Categories
Published on Jul 13, 2024

စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်ဝင်းကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောင်းလဲ ခန့်ထားခဲ့တယ်လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်ထံကနေ သိရပါတယ်။

 

ကာကွယ်ရေးဦးစီးချုပ်(ရေ) အဖြစ် ခန့်အပ်ခံထားရသူ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ဇူလိုင်လ ၁၁ရက်နေ့ ညပိုင်းမှာ ရာထူးကနေ ဖယ်ရှားခဲ့ပြီးနောက် အချိန်အတန်ကြာ လွတ်လပ်နေတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)နေရာမှာ DSA (38) ဆင်း ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်းကို အစားထိုး ခန့်အပ်ခဲ့တာပါ။

 

“ဗိုလ်ထိန်နဲ့ ဗိုလ်ချုပ် အေးမင်းစိုးနဲ့ နှစ်ယောက်က ရေချုပ်နေရာကို အမည်ထွက်နေခဲ့တာ၊ အခုတော့ ဗိုလ်ထိန်ကို ခန့်လိုက်တာပေါ့၊ ဇွဲဝင်းမြင့်ကိုတော့ ချုပ်နှောင်ထားတယ်လို့ သတင်းကြားတယ်၊ တိုင်းမှူးအတော်များများကို မင်းအောင်လှိုင်က နေပြည်တော်ကို ခေါ်ထားတယ် အကျယ်ချုပ် ပုံစံနဲ့ပေါ့”လို့ CJ Platform ရဲ့ တပ်တွင်း သတင်းရင်းမြစ်က ပြောပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရေတပ်ချုပ်အဖြစ် လေးဦးအထိ အပြောင်းအလဲ လုပ်ဆောင်ခဲ့ပြီး နောက်ဆုံး ထုတ်ပယ်ခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဟာ သက်တမ်းအတိုဆုံး ရေတပ်ချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ဓာတ်ပုံ – AA

 

ပုံစာညွှန်း – အာရက္ခတပ်တော်မှ သိမ်းပိုက်နိုင်ခဲ့သည့် စစ်ကောင်စီရဲ့ စစ်သင်္ဘောတစ်စင်းကို မြင်ရပုံ