မီးမလာတဲ့ ရန်ကုန်မှာ စည်ပင်နေ့စားဝန်ထမ်းတစ်ဦး ထရန်စဖော်ပုံးပေါ်မှာ ဓာတ်လိုက်သေဆုံး

Author သုတ
Categories
Published on Jul 13, 2024

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ကုန်ဈေးတန်းလမ်း City Center ဝင်းအတွင်းမှာရှိတဲ့ လျှပ်စစ်ထရန်စဖော်မာပုံးပေါ်မှာ လူတစ်ဦးဓာတ်လိုက်သေဆုံးနေကြောင်း သိရပါတယ်။

 

အဲ့ဒီ လျှပ်စစ်ထရန်စဖော်မာပုံးပေါ်မှာ ဒီနေ့ ဇူလိုင်လ ၁၃ရက် နံနက် ၇နာရီလောက်က အမျိုးသားတစ်ဦး ပက်လက်အနေအထားနဲ့ သေဆုံးနေတာလို့ မျက်မြင်တွေ့ရှိသူတစ်ဦးက  CJ Platform ကို ပြောပါတယ်။

 

“ဓာတ်လိုက်ပြီးသေတာလို့ကြားတယ်။ လျှပ်စစ်ပုံးပေါ်မှာ ပက်လက်ကြီးမြင်ခဲ့တာပဲ။ခဏနေတော့ မြို့နယ်ကဌာနဆိုင်ရာအဖွဲ့တွေလာကြည့်သွားပြီး အလောင်းကို လူမှုကူညီရေးကားတစ်စီးနဲ့ သယ်သွားတယ်”လို့ သူက ဆိုပါတယ်။

 

သေဆုံးသူမှာ မြို့နယ်စည်ပင်သာယာ (ရေစီးရေလာ) ဌာနကနေ လုပ်ငန်းကန်ထရိုက်ယူထားတဲ့ ဦးတင့်ငွေရဲ့ နေ့စားအလုပ်သမားဖြစ်သူ ဖျာပုံမြို့နယ် ကံချောင်စုကျေးရွာကနေ ရန်ကုန်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေသူ မောင်ပိုင်ထွဋ်ကျော် (ဘ) ဦးချစ်မောင်၊ အသက် (၁၈) ဖြစ်တယ်လို့ စုံစမ်း သိရှိပါတယ်။

 

သေဆုံးသူဟာ အဆိုပါလျှပ်စစ်ထရန်စမော်မာပေါ်ကို ဘာကြောင့်တက်ခဲ့သလဲဆိုတာ ဒေသခံတွေအနေနဲ့လည်း သိရှိခြင်းမရှိဘူး ဆိုပါတယ်။

 

အဆိုပါ အခင်းဖြစ်ပွါးတဲ့နေရာကို စစ်ကောင်စီလက်အောက်ခံ ပန်းဘဲတန်းမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးမောင်မောင်လွင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မင်းသူနဲ့အဖွဲ့၊ ပန်းဘဲတန်းမြို့နယ် လျှပ်စစ်မန်နေဂျာရုံးက မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးကောင်းညွန့်၊ ပန်းဘဲတန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးက လုပ်ငန်းကြီးကြပ်ဦးအေးကျော်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဝင်းတို့ အခင်းဖြစ်နေရာကို လာရောက်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 

သေဆုံးသူရဲ့ ရုပ်အလောင်းကို မဟာမွန်မြတ် စေတနာပရဟိတ မော်တော်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးသို့ ပိုဆောင်ခဲ့တယ်လို့ သိရပါတယ်။