ရန်ကုန်မှာ စစ်မှုထမ်းအတွက် လူအစားထိုးလိုရင် တစ်ဦး သိန်း ၅၀ လို့ ထွေ/အုပ်က ဈေးသတ်မှတ် သင်တန်းဆင်းတပ်သားတွေ ရှေ့တန်းပို့ဖို့ စစ်ကောင်စီစီစဉ်

Author သုတ
Categories
Published on Jul 13, 2024

ရန်ကုန်တိုင်းထဲ စစ်မှုထမ်းရှောင်ရှားလိုလို့ လူစားထိုးချင်သူများ တစ်ဦး ကျပ်သိန်း ၅၀ ပေးရမယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးများက ဈေးသတ်မှတ်လိုက်ကြတယ်လို့ အဲဒီအသိုင်းအဝိုင်းနဲ့နီးစပ်တဲ့ CJ Platform ရဲ့ သတင်းရင်းမြစ်များထံမှ သိရပါတယ်။

 

အမျိုးသမီးစစ်မှုထမ်းစခေါ်မယ်လို့ဆိုထားတဲ့ စစ်မှုထမ်းအမှတ်စဉ်-၅ ကစလို့ ရန်ကုန်က မြို့နယ်များမှာ လူစားထိုးမယ့်သူများအနေနဲ့ အဲဒီဈေးပေးရမယ့်အကြောင်း ထွေ/အုပ်ဘက်က ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို ဇူလိုင်လ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီမှာ အစည်းအဝေးခေါ်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 

အပတ်စဉ် ၁ မှ ၃ အထိ တစ်ဦးကို ကျပ် ကိုးသိန်းကနေ သိန်း ၃၀ အထိ ပေးဆောင်ခဲ့ရပြီး  လာမယ့်အပတ်စဉ်ကစလို့ သိန်း ၅၀ သို့ တိုးမြှင့်ကောက်ခံဖို့ စီစဉ်နေတယ်လို့ ရန်ကုန် မြို့နယ်တစ်ခုမှ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ထွေ/အုပ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

 

“ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို မြို့နယ်ရုံးကို ခေါ်ပြီးတော့ အစည်းအဝေးမှာ ပြောတာ။ စစ်မှုထမ်းဖို့ လူအစားထိုးရင် သိန်း ၅၀ ဖြစ်သွားပြီ” လို့ ၎င်းက ပြောပါတယ်။

 

ဒါ့အပြင် အဲဒီအစည်းအဝေးတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်တွေမှာ နယ်မြေလုံခြုံရေးသတိပြုဖို့ မှာကြားခဲ့တယ်လို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

 

“အစည်းအဝေးက အထွေအထူးတော့မဟုတ်ဘူး။ မြို့နယ်လုံခြုံဖို့နဲ့ ရပ်ကွက်တွေထဲမှာ လုံခြုံရေးပိုမိုသတိထားဖို့ခေါ်ပြောတာ။ နောက်ပြီး စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ ငွေကြေးကိစ္စလေးတွေ ခေါ်ပြောတယ်” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်တိုင်းအတွင်း လမ်းမပေါ်တွေ့တဲ့ လူငယ်များကို ဖမ်းဆီးခြင်းဟာ စစ်မှုထမ်းရှောင်ဖို့ လာဘ်ထိုးထားသူတွေနေရာ လူစားထိုးဖို့ဖြစ်တယ်လို့ CJ Platform ရဲ့ ခိုင်လုံတဲ့ သတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

ဒါ့အပြင် အပတ်စဉ်-၁ သင်တန်းပြီးသူတွေကို ရှေ့တန်းပို့ဆောင်ဖို့ စစ်ကောင်စီက စီစဉ်နေပြီး လစာတွေကိုလည်း ကြီးကြပ်သူကမပေးလို့ လိုအပ်တဲ့အသုံးအဆောင်တွေဝယ်ဖို့ အိမ်ကငွေပြန်တောင်းနေရတယ်လို့ အဲဒီအပတ်စဉ်မှာပါဝင်ခဲ့တဲ့ တပ်သားတစ်ဦးရဲ့ မိခင်က ပြောပါတယ်။

 

“သူ့ကို ရှေ့တန်းပို့တော့မယ်လို့ ကျွန်မသားက ဖုန်းဆက်လာပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မှာပဲ ရှိပါသေးတယ်” လို့ မိခင်က ပြောပါတယ်။

 

လတ်တလော သင်တန်းဆင်းတပ်သားသစ်တွေရဲ့ လစာကို ကြီးကြပ်သူက မပေးတာ သုံးလရှိပြီဖြစ်ပြီး လိုအပ်တဲ့စစ်အသုံးအဆောင်များဝယ်ယူဖို့ ပိုက်ဆံ ကျပ်ငါးသောင်းခန့်ပေးရန် ဖုန်းဆက်ပြောလာတယ်လို့ တပ်သားသစ်မိခင်က ပြောပါတယ်။

 

“ဖုန်းတွေကိုလည်း ပေးမသုံးဘူး။ အကုန်လုံးကို သိမ်းထားတယ်ပြောတယ်။ မိသားစုနဲ့လည်း အဆက်အသွယ်မလုပ်ခိုင်းဘူး။ အခုဖုန်းဆက်တာကလည်း ဘယ်ကဖုန်းနဲ့ဆက်သွယ်တယ် မသိပါဘူး။ ဒီဖုန်းကို ပြန်မခေါ်ပါနဲ့အမေဆိုပြီး ပြောသွားတယ်” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့မှာ စစ်မှုထမ်းကာလစတင်ချိန်မှစလို့ ငွေကြေးနဲ့ လူဝယ်ခြင်းတွေ၊ လူအစားထိုးခြင်းတွေ ပြုလုပ်နေတဲ့အပြင် မြို့နယ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကလည်း စစ်မှုထမ်းဆောင်ပါက မိသားစုကိုထောက်ပံ့ပေးမယ်ဆိုတဲ့ မက်လုံးပေးမှုတွေနဲ့ စည်းရုံးနေပြီး စစ်မှုထမ်းဖို့ နာမည်စာရင်းချန်လှပ်လိုပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို လစဉ် ၃၀,ဝ၀ဝ ကျပ် ပေးဆောင်ရတယ်လို့ ခိုင်လုံတဲ့သတင်းရင်းမြစ်ထံမှ သိရပါတယ်။

 

နအဖခေတ် ၂၀၁၀ ခုနှစ်ကရေးဆွဲထုတ်ပြန်ခဲ့တဲ့ အမျိုးသား အသက် ၁၈ မှ ၃၅ အထိ၊ အမျိုးသမီး ၁၈ မှ ၂၇ နှစ်အထိတို့အနေနဲ့ စစ်မှုမထမ်းမနေရဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်ညပိုင်းမှာ စတင်အတည်ပြုခဲ့ပါတယ်။

 

အဲဒီနောက် မတ်လထဲကစပြီး စစ်သားစုဆောင်းရေးတွေ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ဧပြီလ ၈ ရက်ကစလို့ ပထမဆုံးအပတ်စဉ်ကို စတင်သင်တန်းပေးခဲ့ပါတယ်။

 

အခုဆိုရင် အပတ်စဉ် ၁ ဟာ ဇွန် ၂၈ ရက်မှာ သင်တန်းဆင်းခဲ့ပြီးနောက် တပ်သားသစ်တွေအဖြစ် စစ်ကောင်စီတပ်တွေမှာ စစ်မှုထမ်းနေကြပြီဖြစ်ပါတယ်။

 

အပတ်စဉ် ၂ ကို မေလ ၁၄ ရက်နေ့က စတင်သင်တန်းပေးနေပြီး အပတ်စဉ် ၃ ကို နောက်လ ဇွန်လထဲမှာပဲ စတင်သင်တန်းပေးခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်