သံတွဲထောင် လက်နက်ကြီးကျလို့ အကျဉ်းသားတချို့ကို လွှတ်ပေးလိုက်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလုပ်ထားကာ

Author သုတ
Categories
Published on Jul 13, 2024

ရခိုင်ပြည်၊ သံတွဲမြို့ အကျဉ်းထောင်ကို လက်နက်ကြီးကျလို့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံလုပ်ထားကာ အကျဉ်းသားတချို့ကို လွှတ်ပေးလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့  သံတွဲမြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက အကျဉ်းထောင်ကို လက်နက်ကြီးကျည် ထိမှန်ခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ အကျဉ်းသား တချို့ကို ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုတော့ ပြန်လွှတ်ပေးတာ မရှိဘဲ ဓားစာခံအနေနဲ့ ဆက်လက်ဖမ်းဆီးထားတယ်လို့ ပြန်လွတ်လာသူတစ်ဦးက ပြောပါတယ်။

 

“ထောင်က စစ်သားတွေက ပိတ်မိနေတဲ့အနေအထားပါ။ မြို့ပတ်လည်မှာက အေအေက ဝိုင်းထားပြီဆိုတော့ ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ အေအေနဲ့ဆက်စပ်ပြီးဖမ်းထားတဲ့လူတွေအများစုကို သူတို့ကာဗာအနေနဲ့ သူတို့အသက်အတွက် အလဲအလှယ်လုပ်ဖို့ ဆက်ဖမ်းထားတယ်လို့ထင်

တယ်” လို့ သူက ဆိုပါတယ်။

 

သံတွဲအကျဉ်းထောင်မှာ အကျဉ်းသား ၄၀၀ ကျော်ရှိပြီး ၅၀ လောက်မှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိလွတ်မြောက်လာတဲ့အရေအတွက်နဲ့ပတ်သက်လို့ အတိအကျကိုတော့ CJ Platform အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။

 

သံတွဲဒေသခံတစ်ဦးက “ကျနော် ထောင်ဘက်ကို လက်နက်ကြီး ကျသံကိုတော့ကြားပါတယ်။ ပုံမှန်ဆို ထောင်က လက်နက်ကြီး မပြတ်ပစ်နေတာ။ လက်နက်ကြီးကျသံနဲ့ အတူ အော်ဟစ်တဲ့အသံတွေထွက်လာပြီး ညနေလောက်မှာ လူတွေ ထွက်လာကြတာ မြင်ပေမဲ့ အိမ်ထဲက အပြင်မထွက်ရဲတော့ ဘယ်လောက်လည်းမပြောနိုင်ပါဘူး” လို့ ပြောပါတယ်။

 

ဒါ့အပြင် ထောင်မှာ တပ်စွဲထားတဲ့ စစ်သားတွေဟာ တပ်ဆုတ်ခွါထွက်ပြေးနိုင်ဖို့  နိုင်ငံရေးအကျဉ်းသားတွေကို အလဲအလှယ်လုပ်ကာ အေအေနဲ့ ညှိနှိုင်းမယ့် သတင်းတွေထွက်နေတယ်လို့ ဒေသတွင်း စစ်ရေးလေ့လာနေသူ တစ်ဦးက ပြောပါတယ်။

 

“ထောင်မှာဝန်ထမ်းတချို့က ပြေးသွားကြပြီ။ ကျန်ခဲ့တာက စစ်သားများတယ်။ ကျန်ခဲ့တဲ့ အသိထောင်ဝန်ထမ်းတစ်ယောက်ရဲ့ ပြောပြချက်အရ အေအေနဲ့ သူတို့ တပ်ဆုတ်နိုင်ဖို့ ညှိနှိုင်းမယ်လို့ ပြောတယ်” လို့ သူကပြောပါတယ်။

 

သံတွဲမြို့မှာ ခလရ (၅၅)၊ ခမရ (၅၆၆) သာရှိပြီး အဲ့ဒီတပ်ရင်း နှစ်ခုလုံးကို အေအေက သိမ်းပိုက်ထားပြီ ဖြစ်ပါတယ်။ သံတွဲအကျဉ်းထောင်မှာတော့ ပြီးခဲ့တဲ့ ဇွန်လကတည်းက လက်နက်ကြီးတွေနဲ့အတူ ထောင်ကိုအကာအကွယ်ယူပြီး စစ်တပ်က အထိုင်ချထားတာပါ။

 

လက်ရှိမှာတော့ သံတွဲမြို့ထဲမှာ ပိတ်မိနေတဲ့ တပ်သားတွေ၊ အဲ့ဒီတပ်ရင်းတွေက တပ်ဆုတ်ပြီးကစဉ့်ကလျားထွက်ပြေးနေကြတဲ့ တပ်သားတွေနဲ့စစ်ကူရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေကို လိုက်လံချေမှုန်းနေတယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – CJ

 

ပုံစာ – ကိုဗစ်ကာလအတွင်းသံတွဲအကျဉ်းထောင်ကို မြင်ရပုံ (ပုံဟောင်း)