ချောက်မှ ဇလွန်အထိ မြို့ ၈ ခုမှာ နောက်သုံးရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်

Author အညာသား
Categories
Published on Jul 13, 2024

ဧရာဝတီမြစ်အထက်ပိုင်း ကချင်ပြည်က မြို့တွေမှာ ယခုရက်ပိုင်းအတွင်း ရေပြန်ကျနိုင်ပြီး ချောက်မြို့ကနေ မြစ် အောက်ပိုင်း တစ်လျှောက်မြို့တွေနဲ့ ဇလွန်မြို့အထိ မြစ်ရေမြင့်တက်ကာ ရက်ပိုင်းအတွင်း စိုးရိမ်ရေ မှတ်ကို ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ မိုးဇလဌာနရဲ့ ဇူလိုင် ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲတိုင်းထွာချက်အရ ရွှေကူမြို့နဲ့ ကသာမြို့မှာ နောက် တစ်ရက်၊ နှစ်ရက်အတွင်း စိုးရိမ်ရေအမှတ်အောက်သို့ ကျဆင်းနိုင်သလို သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းမြို့တွေမှာ နောက်တစ်ရက်အတွင်း ရေပြန်ကျနိုင်ပေမဲ့ စိုးရိမ်ရေအမှတ်အထက်မှာ ဆက်လက်တည်ရှိနေနိုင်ကာ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးမြို့တွေမှာ နောက်တစ်ရက်အတွင်း မြစ်ရေ ဆက်လက်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

ဧရာဝတီမြစ်ရေဟာ အောက်ဘက်သို့ တဖြည်းဖြည်းဆင်းလာတဲ့အတွက်ကြောင့် ချောက်၊၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်စတဲ့မြို့တွေမှာ ယခုသုံးရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေ အထူးသတိပြုနေထိုင်ကြဖို့ ထုတ်ပြန်ထားပါတယ်။

 

မြစ်ရေအခြေအနေနဲ့ပတ်သက်လို့ ဇူလိုင် ဒုတိယ ၁၀ ရက်ပတ်အတွင်း ခန့်မှန်းချက်အရ ဧရာဝတီမြစ်ရေဟာ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူးနဲ့ မကွေးမြို့တို့မှာ တစ်ပေခွဲမှ သုံးပေခွဲခန့်၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ လေးပေမှ ခြောက်ပေခန့် လက်ရှိရေအမှတ်များအထက် မြင့်တက်လာနိုင်ပြီး မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ငါးပေမှ ကိုးပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အလားတူ ချင်းတွင်းမြစ်ရေဟာလည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာစတဲ့မြို့တွေမှာ နောက်တစ်ရက်အတွင်း မြစ်ရေကျဆင်းလာနိုင်ပြီး စိုးရိမ်ရေအမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်