ဂန့်ဂေါမှာ စစ်ကောင်စီ လက်နက်ကြီးကျည်ကြောင့် အရပ်သား နှစ်ဦးသေဆုံးပြီး ၁၂ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jul 13, 2024

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာမှာ စစ်ကောင်စီ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျလို့ အရပ်သား နှစ်ဦးသေဆုံးပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိကာ  အိမ်မွေးတိရစ္ဆာန်တွေလည်း ထိခိုက်သေဆုံးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲ့ဒီ လက်နက်ကြီးကျည်ဟာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၅၀ တပ်ရင်းမှ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“မြို့ထဲက လက်ကနက်ကြီးကျည်တွေ ရွာထဲကို ဆယ်လုံး ထက်မနည်း အဆက်မပြတ် ပစ်ခတ် ကျပေါက်ကွဲသွားတယ်။ ရွာအပြင်မှာ နှစ်လုံးလောက် ကျတယ်။ အရပ်သား နှစ်ဦးပွဲချင်းပြီး သေဆုံးပြီးတော့ တစ်ဒါဇင်လောက် ဒဏ်ရာရတယ်။”လို့ သူက ဆိုပါတယ်။

 

သေဆုံးတဲ့ အရပ်သားတွေဟာ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးဖြစ်တယ်လို့ သိရပြီး ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၁၂ ဦးထဲမှာ ခြေလက်၊ ခါး စတဲ့ နေရာတွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေကို နီးစပ်ရာ ဆေးခန်းတွေမှာ အရေးပေါ်ဆေးကုသပေးမူတွေ လုပ်ဆောင်နေပြီး ခြေ၊ လက် ဖြတ်ရမယ့် လူနာတွေလည်း ပါတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် လက်နက်ကြီးကျည်ကြောင့် လာပို့ကျေးရွာက နေအိမ် ၁လုံး ပျက်စီးသွားပြီး အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ဝက် သုံးကောင်နဲ့ နွား နှစ်ကောင်လည်း ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

 

ဓာတ်ပုံ – လူမှုကွန်ရက်