ရန်ကုန်မှာ အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းဖို့ စတင်လုပ်ဆောင်

Author ကိုထက်
Categories
Published on Jun 13, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့မှာ အမျိုးသမီးတွေကိုရန်ကုန်မြို့းဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးရုံးတွေက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

 

အမျိုးသမီးတွေကို အပတ်စဉ် ၅ ကနေစတင်ပြီး စစ်မှုထမ်းခိုင်းဖို့အတွက် စာရင်းကောက်တော့မယ်လို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အသိပေးလာတာမျိုးတွေ ပြုလုပ်လာကြတာဖြစ်တယ်လို့ ကြုံတွေ့နေရသူတချို့နဲ့ ရပ်/ကျေးအဖွဲ့ဝင်တွေက ပြောပါတယ်။

 

သင်္ဃန်းကျွမ်းမြို့နယ်ထဲမှ အုပ်ချုပ်ရေးမှူးတချို့က အမျိုးသမီးတွေကို စစ်မှုထမ်းစာရင်းကောက်ဖို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကြား ပြောနေတာတွေရှိတယ်လို့ သိရပါတယ်။

 

“အခုအပတ်စဉ် ၃ အတွက် လူခေါ်တာတွေလုပ်ပေးနေရတယ်။ ဟိုအရင်ရက် အုပ်ချုပ်ရေးမှူးက အစည်းအဝေးလုပ်တုန်းပြောတာကတော့ အပတ်စဉ် ၅ လောက်မှာ အမျိုးသမီးတွေကို စာရင်းစကောက်ဖို့ အထက်ကပြောထားတာရှိတယ်ပေါ့။ ကောက်ရမယ့်အချိန်ကိုပြောမယ်ပေါ့။ အဲဒီလိုပြောတာတော့ရှိတယ်” လို့ သုဝဏ္ဏရဲ့ ရပ်ကွက်တစ်ခုမှ ရာအိမ်မှူးတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ဒလမြို့နယ်ဘက်က ကျေးရွာတွေဘက်မှာလည်း အမျိုးသမီးတွေကို စစ်မှုထမ်းရမယ်လို့ အုပ်ချုပ်ရေးမှူးတွေက ရွာထဲအထိ လိုက်လံပြောဆိုနေတာတွေရှိတယ်လို့ အဲဒီမြို့နယ်ထဲက အနိုချောင်းကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။

 

“ဒီဘက်တွေမှာကတော့ အုပ်ကြီးကိုယ်တိုင်ကို လိုက်ပြောတာ။ အမျိုးသမီးတွေလည်း စစ်မှုထမ်းဖို့လိုတယ်ပေါ့။ ဒါကြောင့် စာရင်းတွေလာကောက်ရင် ပေးကြဖို့ လိုက်ပြောနေတာ။ အခုထိတော့ ဘာမှလာမကောက်သေးဘူး။ အပတ်စဉ် ၅ ကျမှလို့လည်းပြောတယ်” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်မှာ စစ်မှုထမ်းစာရင်းကောက်တာကို အကြောင်းပြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ခြိမ်းခြောက်ငွေတောင်းတာတွေ လုပ်နေတာပါ။

 

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့မေလနှောင်းပိုင်းကစပြီး အပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းတာတွေ လုပ်နေသလို စာရင်းပါတဲ့လူငယ်တွေကိုလည်း အိမ်ပေါ်အထိ လာရောက်အဓမ္မခေါ်ဆောင်တာတွေလည်း လုပ်နေပါတယ်။

 

အခုတော့ အပတ်စဉ် ၁ နဲ့ ၂ ကို စစ်ကောင်စီ တိုင်းနဲ့ ပြည်နယ်တွေက စစ်သင်တန်းကျောင်းတွေမှာ သင်တန်းပေးနေကြပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသားတိုင်း၊ အသက် ၁၈ ကနေ ၂၇ နှစ်ထိ အမျိုးသမီးတိုင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသားတွေဆိုရင် ၄၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် ၃၅ နှစ်အထိ စစ်မှုထမ်းဖို့အကျုံးဝင်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ တာဝန်ပျက်ကွက်တယ်ဆိုရင်တော့ ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

 

ဓာတ်ပုံ – အင်တာနက်