ကန့်ဘလူက ရွာလေးခုကို စစ်ကောင်စီ အင်အားအလုံးအရင်းနဲ့ ပိတ်ဆို့ဝင်စီး၊ လူ ၄၀ လောက် စစ်မှုထမ်းဖို့ဆိုပြီး ဖမ်းခေါ်ခံရ
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ကျေးရွာတွေထဲ စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းပြီးနောက် စစ်မှုထမ်းဖို့ ဒေသခံ ၄၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ ကြုံတွေ့ခဲ့ရသူတွေက CJ Platform သို့ပြောပါတယ်။
ယမန်နေ့ ဇွန် ၁၂ ရက် ညနေပိုင်းမှာ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့ဟာ ကျေးရွာလေးရွာခန့်ကို ပိတ်ဆို့ပြီးနောက် ဝင်ရောက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။
“လူလတ်ပိုင်းအရွယ် ၃၀ ကျော်၊ ၄၀ လောက်ကို စစ်မှုထမ်းဖို့ဆိုပြီးခေါ်သွားတာပါ။ အဲဒီရွာတွေကလည်း ရွာငယ်လေးတွေဆိုတော့ စစ်တပ်နဲ့ ပျူတွေက အင်အား ၅၀ လောက်ရှိမယ်။ ရွာထဲက လူတွေကို ရွာပြင်အထွက်မခံဘဲ ပိတ်ထားပြီး ဖမ်းသွားတာ” လို့ မျက်မြင်တွေ့ခဲ့တဲ့ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။
အဲဒီကျေးရွာတွေဟာ ကန့်ဘလူမြို့နယ်(တောင်ခြမ်း)က ထန်းကုန်းစံပြရွာအနီးရှိ ခေါ်သန္တီ၊ မိုးကြိုး၊ အုတ်ဖို၊ အုန်းတော အစရှိတဲ့ ကျေးရွာငယ်လေးတွေဖြစ်ပါတယ်။
ထိုကျေးရွာတွေဟာ စစ်မှုထမ်းဥပဒေမပြဌာန်းမီကပင် ပျူစောထီးအဖွဲ့ခေါင်းဆောင် မဘသ ဆရာတော် ဦးဝါသဝက ပျူစောထီးဖွဲ့ရန် အကြိမ်ကြိမ်ဖိအားပေးခံနေရပေမဲ့ လက်မခံဘဲ ငြင်းဆန်နေခဲ့ကြတဲ့ ရွာတွေဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။
ကန့်ဘလူနယ်ထဲ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးအဖြစ် စစ်ကောင်စီအကူအညီနဲ့ ပြည်သူ့စစ်တွေကို သင်တန်းပေး၊ လက်နက်ထောက်ပံ့မှုတွေပြုလုပ်နေတဲ့ အမျိုးသားရေးနဲ့ ဘာသာရေးအစွန်းရောက် အဲဒီဘုန်းကြီးဟာ စစ်မှုထမ်းခေါ်ယူရာမှာလည်း အားစိုက်လုပ်ဆောင်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်ကလည်း “ပြည်သူ့စစ်မှုထမ်းဥပဒေက ရှောင်ပြေးလို့မရဘူး။ သဘောပေါက်တယ်နော်။ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ငါတို့လို ပြည်သူ့စစ်မှုထမ်း ဝိုင်းလုပ်ကြလို့ ဆရာတော်မိန့်ကြားလိုတယ်” ဆိုပြီး ပြောထားတဲ့ ဝါဒဖြန့်ဗွီဒီယိုတစ်ခုကို စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွေကနေတစ်ဆင့် ဖြန့်ဝေထားတာကိုတွေ့မြင်ရပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ၂၀၂၄ ခုနှစ် ဇွန်လ ပထမအပတ်အတွင်း ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်တို့ထဲက ဒေသခံ ၃၀ဝ၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ထွက်ပြေးသူတွေရဲ့နေအိမ် အလုံး ၂၀ နီးပါးကိုလည်း စစ်ကောင်စီနဲ့ ပျူစောထီးတွေက အသုံးဝင်တဲ့အရာတွေကို ယူဆောင်ပြီးနောက် ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပုံစာ- စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းသားများကိုတွေ့ရစဉ်