တရုတ်၊ ထိုင်း၊ လာအိုတို့နဲ့ တိုက်ရိုက်ပျံသန်းနိုင်တဲ့အထိ ကျိုင်းတုံလေဆိပ်ကို အဆင့်မြှင့်ဖို့ စစ်ခေါင်းဆောင်ပြော
စစ်အာဏာသိမ်းဂယက်ကြောင့် လူထုအားလုံး ဒုက္ခရောက်နေချိန် ရှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကျိုင်းတုံလေဆိပ်အဆင့်မြှင့်နေမှုအခြေအနေကို မနေ့က သွားရောက်ကြည့်ရှုခဲ့ပါတယ်။
အဲဒီမှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ လာအိုတို့နဲ့ တိုက်ရိုက်ပျံသန်းနိုင်တဲ့အထိ လေယာဉ်ကွင်းကို အဆင့်မြှင့်တင်ဖို့ သူ့လက်အောက်ခံတွေကို ညွှန်ကြားခဲ့ပြန်ပါတယ်။
ပြည်တွင်းခရီးစဉ်တွေမှာ ဂျက်လေယာဉ်တွေအသုံးပြုလာတာမလို့ ကျိုင်းတုံလေဆိပ်ကိုလည်း ဂျက်လေယာဉ်တွေဆင်းသက်နိုင်တဲ့အထိ အဆင့်မြှင့်တင်ဆောက်ရွက်ဖို့လိုတယ်လို့ အစချီပြီး ဗိုလ်ချုပ်မှူးကြီးက ပြောခဲ့တာကို ဒီနေ့ မေလ ၁၃ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ထည့်သွင်းရေးသားထားကြတာပါ။
အဲဒီနောက် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ တရုတ်နဲ့ ထိုင်း နိုင်ငံတွေကနေ ကျိုင်းတုံလေဆိပ်ကို တိုက်ရိုက်ပျံသန်းဆင်းသက်နိုင်ရေး ဆောင်ရွက်ဖို့လိုတယ်လို့ ကိုယ့်ဘာကိုယ် ဝန်ကြီးချုပ်ရာထူးပြန်ယူထားသူ စစ်ခေါင်းဆောင်က ပြောပါတယ်။
ကျိုင်းတုံမြို့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့၊ ဒေသခံတွေ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေဖို့ အခုလို လေယာဉ်ကွင်းကို အဆင့်မြှင့်တင်တာဖြစ်တယ်လို့ သူက ဆက်ပြောသွားပါတယ်။
သူဟာ ပြီးခဲ့တဲ့ မေ ၁၁ ရက်နေ့ကတည်းက ကျိုင်းတုံမြို့ကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ပထမဆုံးနေ့မှာပဲ တြိဂံတိုင်းစစ်ဌာနချုပ်က အရာရှိ၊ စစ်သည်နဲ့ မိသားစုဝင်တွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်သတင်းစာများ