စစ်ကောင်စီ တိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်ကနေ ထွက်ပြေးခိုလှုံလာတဲ့ ရိုဟင်ဂျာ ၇၀၀၀ နီးပါးကို AA ကူညီ

Author လင်းနွေဦး
Categories
Published on May 13, 2024

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက် မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ ရိုဟင်ဂျာ ဦးရေ ၇၀၀၀ နီးပါးကို ရက္ခိုင့်တပ်တော် (AA) က ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က မေလ ၁၂ ရက် မနေ့က ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၈ ရက် ဗုဒ္ဓဟူးနေ့က စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် ဂျက်ဖိုက်တာများအသုံးပြု လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘူးသီးတောင်မြို့နယ်၊ ကကျဘတ်၊ ကကျဘတ်ကံပြင်၊ မြောင်းနား၊ အလယ်ချောင်း၊ ဘဂုံးနား၊ လက်သာကျေးရွာတို့က ရိုဟင်ဂျာ လူမျိုး ၇၀၀၀ ခန့်ဟာ ရက္ခိုင့်တပ်တော်ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်ခိုလှုံလာတာကြောင့် သူတို့ကို ကူညီရွှေ့ပြောင်းတာတွေ၊ အကာအကွယ်ပေးတာတွေ လုက်ဆောင်ခဲ့တာဖြစ်တယ်လို့  HDCO က ထုတ်ပြန်ထားတာပါ။

HDCO က ဖော်ပြခဲ့တဲ့ ရုပ်သံဖိုင်အတွင်း ရက္ခိုင့်တပ်တော်က စစ်သည်ရဲမေတွေကနေ ရိုဟင်ဂျာလူမျိုးတွေရဲ့ ပစ္စည်းတွေကို ကူညီသယ်ဆောင်ပေးခဲ့တာကို မြင်တွေ့ရပါတယ်။

တချို့ရိုဟင်ဂျာလူမျိုးတွေအနေနဲ စစ်​ကောင်စီ ထိန်းချုပ်ထားတဲ့ ဘူးသီးတောင်မြို့နယ် နခခ ၈ တပ်ရင်းထဲကို သွားရောက်ခိုလှုံမှုတွေလည်း ရှိခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် လက်အောက်ခံ HDCO အဖွဲ့က ထုတ်ပြန်ထားတာပါ။

 

စစ်မြေပြင်မှာ စစ်ရေးနိမ့်ကျမှုကို အဖက်ဆည်ချင်တဲ့ စစ်ကောင်စီဟာ လူမျိုးစု ပေါင်းစုံတဲ့ ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပေါ်စေဖို့  မေလ နှောင်းပိုင်းကစတင်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာဖြစ်ပေမဲ့ ရက္ခိုင့်တပ်တော်အနေနဲ့ ယခုလို ကူညီဆောင်ရွက်မှုတွေဟာ အရွေ့ကောင်းတစ်ခုဖြစ်တယ်လို့ နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

လက်ရှိမှာ ရက္ခိုင့်တပ်တော်အနေနဲ့  ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရမ်းဗြဲ ၊ ပေါက်တော မြို့တွေကို ထိန်းချုပ်ထားပြီး မောင်တောမြို့နယ်ကိုလည်း အပြီးသတ်ထိန်းချုပ်နိုင်ရေး နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေရုံမက ချင်းပြည်နယ် ပလက်ဝဒေသကိုလည်း ထိန်းချုပ်ထားပါတယ်။

 

ရုပ်သံ- လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြို့မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)