တောင်ကြီးမှာ စစ်ရှောင်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

Published on May 13, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ကနေ တောင်ကြီးမြို့ကို စစ်ဘေးတိမ်းရှောင်နေတဲ့ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့တယ်လို့ သေဆုံးသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

သေဆုံးသူဟာ ဆီဆိုင်မြို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ နယ်မြေ(၄)၊ ရပ်တော်မူဘုရားလမ်းမှာ အိမ်ငှားနေထိုင်ပြီး စစ်ရှောင်နေသူဖြစ်တယ်လို့ သိရပါတယ်။

 

အိမ်ကနေ ထွက်သွားပြီး နှစ်ရက်အကြာမှာ ကြိုးဆွဲချသေဆုံးနေတာကို မေလ ၁၃ ရက်နေ့ နံနက် ၇ နာရီခန့်မှာ အလောင်းကိုတွေ့ခဲ့တယ်လို့ သေဆုံးသူမိသားစုနဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“စိတ်ဖိစီးမှုလည်းများတယ်။ ပျောက်နေတာ နှစ်ရက်ရှိပြီ။ ခုမနက်တွေ့တော့ အဲဒီလိုအလောင်းကို တွေ့ရတာပဲ” လို့ သူက ပြောပါတယ်။

 

သေဆုံးသူမှာ ကိုသန်းနိုင်(ခ) ကဖား (၄၈) နှစ်ဖြစ်ပြီး ရုပ်အလောင်းကို လက်ရှိနေထိုင်နေတဲ့ အိမ်ရဲ့ အနောက်မြောက်ဘက်က ခြံထဲမှာတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ကိုသန်းနိုင်ဟာ သူ့ရဲ့သားအငယ်ဖြစ်သူကို သေချင်လို့ နေရာရှာနေတယ်လို့လည်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

 

သေဆုံးသူရဲ့ သားဟာ ရဲပြေးအမှုနဲ့ မကြာသေးခင်က ထောင် ၃ နှစ်ကျသွားတာလည်းဖြစ်ပြီး အိမ်ကလက်နက်ကြီးမှန်တာကြောင့် တော်တော်များများ ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

 

“သူ့သားက ထောင်ကျသွားတာမကြာသေးဘူး။ ခုက ပထမစစ်ဘေးရှောင်တော့ တောင်ကြီးက ဘုရားဖြူရပ်ကွက်မှာ အိမ်ငှားနေကြတယ်။ အဲဒီမှာ အဆင်မပြေတော့ အခုကံကြီးရပ်ကွက်မှာ ငှားနေတာ။ တစ်လနှစ်သိန်းပေးပြီး နေရတယ်။ ဆီဆိုင်မှာတုန်းက ဈေးမှာ မုန့်ဟင်းခါးရောင်းကြတာ” လို့ ဒေသခံအမျိုးသားက ပြောပါတယ်။

 

သေဆုံးအလောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ နယ်ထိန်းရဲတို့က လာရောက်စစ်ဆေးပြီးနောက် တောင်ကြီးလူမှုကူညီရေးအသင်းက စပ်စံထွန်းဆေးရုံကို သယ်ဆောင်သွားကာ ရင်ခွဲစစ်ဆေးပြီး ဒီနေ့ နေ့လယ် ၁ နာရီမှာ သင်္ဂြိုလ်မယ်လို့ သိရပါတယ်။

 

ဆီဆိုင်မြို့မှာ မေလ ၁ ရက်နေ့က စစ်ကောင်စီကပြန်လည်ဝင်ရောက်နေထိုင်လို့ရပြီဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့ ငွေကြေးတတ်နိုင်သူတွေနဲ့ လက်နက်ကြီးဒဏ်၊ လေယာဉ်ဗုံးကြဲ မီးရှို့ခံရလို့ အိမ်လုံးဝပျက်စီးသွားသူတွေက ခုထိ ပြန်လည်နေထိုင်တာမျိုးမရှိသေးဘူးလို့ စစ်ကောင်စီနဲ့ နီးစပ်သူ အသိုင်းအဝိုင်းဆီက သိရပါတယ်။

 

ဓာတ်ပုံ – CJ