ရန်ကုန် မြို့နယ်တချို့မှာ လျှပ်စစ်မီး ရက်ပိုင်းကြာတဲ့အထိ ပြတ်တောက်မှုများရှိ၊ မိုးသက်လေပြင်းကြောင့် ရန်ကုန်မြို့နယ်ခုနစ်ခုမှာ နှစ်ရှည်သစ်ပင်ကြီးတွေ လဲ
ရန်ကုန်မြို့၊ မြို့နယ်တချို့မှာ လျှပ်စစ်မီး ပြတ်တောက်တာဟာ ရက်ပိုင်းအထိ ကြာမြင့်မှုတွေရှိလာတယ်လို့ ကြုံတွေ့နေရသူတွေက CJ Platform ကိုပြောပါတယ်။
အရင် တစ်ရက်ကို နာရီပိုင်းရတဲ့အနေအထားကနေ အခုအခါမှာ သုံးရက်လောက်အထိ မီးမလာဖြစ်နေတယ်လို့ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်ထဲ နေထိုင်သူတစ်ယောက်က ပြောပါတယ်။
“မီးက အချိန်နဲ့ရနေရာက အခုဆိုမလာတာ သုံးရက်လောက်ကိုရှိနေပြီ။ ဘာဖြစ်မှန်းလည်း မသိဘူး။ အဓိကကတော့ ရေပြဿနာကြုံရတာပေါ့။ အကုန် အကူအညီတွေတောင်းနေရတယ်။ EPC ရုံးကိုမေးကြည့်တော့လည်း Transformer ပေါက်တာလို့လည်းပြောတယ်။ ဘယ်တော့မီးပြန်ရမယ်ဆိုတာ အတိအကျမပြောဘူး” လို့ သူက ပြောပါတယ်။
အင်းစိန်အပြင် အဲဒီလိုရက်ပိုင်းထိ လျှပ်စစ်မီးပြတ်တောက်မှု ကြာမြင့်တဲ့အထဲ ဒဂုံမြို့သစ်တွေဖြစ်တဲ့ အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းမြို့နယ်တွေက ရပ်ကွက်အချို့မှာလည်း ဖြစ်ပေါ်နေတယ်လို့ အဲဒီက မြို့ခံတွေက ပြောကြပါတယ်။
“မီးက တစ်ခါပြတ်ရင် ၂၄ နာရီကြာတယ်။ လာပြန်ရင် မိနစ်ပိုင်းနဲ့။ သူတို့လောက်ပြုပြင်တာလည်း သူတို့ပဲ။ တော်ကြာသစ်ပင်ခုတ်ရတာနဲ့။ ပြုပြင်ထိန်းသိမ်းရတာနဲ့။ လေ၊ မိုးတိုက်လို့ပြတ်ပြီဆို နှစ်ရက်လောက်ကို ကြာတယ်” လို့ မြောက်ဒဂုံ ၄၁ ရပ်ကွက်ထဲ နေထိုင်သူတစ်ယောက်က ပြောပါတယ်။
ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးရွားလာတာကြောင့် သုံးရေပြတ်လပ်တာ၊ အသေးစားစီးပွားရေးလုပ်ငန်းတချို့ ယာယီရပ်နားရတာ စတဲ့အကျပ်အတည်းမျိုးတွေ ဖြစ်ပေါ်နေတာပါ။
ဒါ့အပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အထပ်မြင့်တိုက်တွေရှိရာ စမ်းချောင်း၊ လှိုင်၊ တာမွေ၊ တောင်ဥက္ကလာပ၊ သာကေတနဲ့ မြောက်ဥက္ကလာပ စတဲ့မြို့နယ်တွေမှာ သုံးရေပြတ်လို့ ပရဟိတအဖွဲ့တွေဆီက အကူအညီတောင်းခံရတာတွေလည်းရှိလာနေပါတယ်။
ရန်ကုန် မြို့နယ်ခုနစ်ခုမှာ ဒီနေ့ မေ ၁၃ ရက်အပါအဝင် ပြီးခဲ့တဲ့ရက်ပိုင်းထဲ အပူရှိန်ပြင်းထန်ပြီး ရာသီဥတုမူမမှန်ကြောင့် မိုးသက်လေပြင်းကျရောက်ခဲ့တဲ့အတွက် နှစ်ရှည်သစ်ပင်တွေအပါအဝင် သစ်ပင်ကြီးတွေ အမြစ်ကနေ လန်ပြီး ပြိုလဲတာတွေအပြင် သစ်ကိုင်းကျိုးကျမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ ကမာရွတ်၊ မင်္ဂလာဒုံ၊ ရွှေပြည်သာနဲ့ ဗဟန်း စတဲ့မြို့နယ်တွေမှာ မေ ၁၁ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ လေပြင်းဒဏ်ကြောင့် သစ်ပင်တွေ ပြိုလဲခဲ့လို့ ဓာတ်တိုင်၊ ဓာတ်ကြိုး ပြိုလဲပြတ်ကျမှုတွေကြောင့် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှုတွေ ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အဲဒီလို သစ်ပင်လဲကျမှုတွေထဲ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ၂ ရပ်ကွက်၊ ဓမ္မစေတီလမ်းမှာ ရပ်ထားတဲ့ အငှားယာဉ်တစ်စီးပေါ် သစ်ကိုင်းကျိုးကျလို့ ကားပျက်စီးထိခိုက်မှုတချို့ရှိခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ