ဂန့်ဂေါနယ်မှာ လက်နက်ကြီးကျလို့ ကလေးနှစ်ဦးအပါဝင် ခြောက်ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on May 13, 2024

စစ်ကိုင်းတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ဇဟောကျေးရွာမှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ ကလေးနှစ်ဦးအပါဝင် ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

မေလ ၁၁ ရက်နေ့ ည ၉ နာရီလောက်က စစ်ကောင်စီရဲ့ ဂန့်ဂေါအခြေစိုက် ခလရ (၅၀) တပ်ရင်းမှ ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဇဟောကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲလို့ အရပ်သား ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

အဲဒီ ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ခြောက်ဦးထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေလည်း ပါဝင်တယ်လို့ ဇဟောကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

” ကလေး နှစ်ယောက်နဲ့ ​အမျိုးသမီး နှစ်ယောက် ပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ လူနာတွေကိုတော့ ဆေးရုံပို့ပြီး ကျန်တဲ့လူနာကို ရွာမှာဘဲ ဆေးကုသပေးနေပါတယ်။”လို့ သူက ဆိုပါတယ်။

 

ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေဟာ အသက် (၆) နှစ်အရွယ် မောင်ငြိမ်းဝေဖြိုး၊ အသက် (၁၄) နှစ်အရွယ် မစိုးစိုး၊ အသက် (၂၃) နှစ်အရွယ် မဝိုင်းဝိုင်း၊ အသက် (၃၅) နှစ်အရွယ် ဦးမျိုးမင်း၊ အသက် (၂၅)နှစ်အရွယ် ဒေါ်ငြိုစန်းနဲ့ အသက် (၆၃) နှစ်အရွယ် ဒေါ်အေးကျော့တို့ ဖြစ်ပါတယ်။

 

ထိခိုက်ဒဏ်ရာရတဲ့ လူနာတွေထဲက အသက်(၆) နှစ်အရွယ် မောင်ငြိမ်းဝေဖြိုးဟာ လက်တစ်ဖက် ဆုံးရှုံးလိုက်ရပြီး အသက်(၁၄) နှစ်အရွယ် မစိုးစိုးကလည်း ခြေတစ်ဖက် ဆုံးရှုံးလိုက်ရကာ အသက် (၃၅) ဦးမျိုးမင်းဟာ ဦးခေါင်း ကျည်စထိမှန်လို့ သတိမရသေးဘူးလို့ သိရပါတယ်။

 

သူတို့တွေကို မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး စိုးရိမ်စရာမရှိတဲ့ လူနာ ၃ ယောက်ကိုတော့ ကျေးရွာမှာဘဲ ဆေးကုသပေးနေတယ်လို့ သိရပါတယ်။

 

မေလ ၁၁ ရက်နေ့ ညက စစ်ကောင်စီရဲ့ ခလရ (၅၀) တပ်ရင်းက ရမ်းသမ်း ပစ်ခတ်တဲ့ လက်နက်ကြီးကျည် အလုံးရေ ၃၀ ထက်မနည်း ဇဟောကျေးရွာအနီးမှာ ကျရောက်ပေါက်ကွဲတယ်လို့ ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

” အဲဒီ ဂန့်ဂေါ ခလရ (၅၀) တပ်ရင်း ကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်လေ့ရှိတယ်။ အရပ်သား သေဆုံးမှုမရှိပေမယ့် လူနေအိမ်၊ အရပ်သားထိခိုက်မှုက အမြဲလိုလိုရှိပါတယ်။ လက်နက်ကြီးက တိုက်ပွဲတွင်း ပစ်တာမဟုတ်ဘူး။”လို့ သူက ဆိုပါတယ်။

 

တိုက်ပွဲမရှိပေမယ့် ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်လို့ အရပ်သား ထိခိုက်မှု၊ အရပ်သား နေအိမ်ပျက်စီးမှုတွေရှိနေတယ်လို့ သိရပါတယ်။