ရာသီဥတုတွေ ဖောက်ပြားပြောင်းလဲလာတာက ကမ္ဘာကြီးရဲ့ ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေလဲ ?

Author ဇက်
Categories
Published on May 12, 2024

တစ်နွေထက် တစ်နွေ ပိုပို ပူပြင်းခြောက်သွေ့လာတာကို စာဖတ်သူတို့ အားလုံး အသိပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေက စလို့ ‘ကမ္ဘာ့ရာသီဥတုတွေ ဖောက်ပြန်လာတယ်’၊ ‘သဘာဝဘေးတွေ ပိုများလာတယ်’၊ ‘ကမ္ဘာကြီး ပူနွေးလာတယ်’၊ ‘ဇီဝမျိုးစုံမျိုးကွဲတွေ မျိုးသုဉ်းပျောက်ကွယ်လာတယ်’ ဆိုတဲ့ ဝေါဟာရတွေက မကြားချင်မှ အဆုံးပါ။ စက်မှုတော်လှန်ရေးကာလ နောက်ပိုင်းက စလို့ လူသားတွေရဲ့ ခြယ်လှယ်လောဘတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ တဖြည်းဖြည်း ညစ်ညမ်းပျက်စီးလာရတယ်။ ယိုယွင်းဘက်ပဲ့လာရတယ်။ ကမ္ဘာကြီး နာမကျန်းဖြစ်လာရတယ်။

 

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံအတော်များများမှာ ပြီးခဲ့တဲ့ လပိုင်းက ဖြစ်ပွားခဲ့တဲ့ စံချိန်တင် အပူချိန်မြင့်တက်မှုတွေက ဒီဝေါဟာရတွေကို တည့်တည့်ကြီး မီးမောင်းထိုး အဓိပ္ပါယ်ဖွင့်ဆိုနေတာပေါ့။ ဒါဖြင့်ရင် ရာသီဥတုတွေ ဖောက်ပြားပြောင်းလဲလာတာက ကမ္ဘာ့ ကျန်းမာရေးကို ဘယ်လို ဘယ်ပုံများ အကျိုးသက်ရောက်နေစေတာပါလိမ့် . . .?၊ လူသားတွေကရော အမိမြေကို ဘယ်နည်းဘယ်ဖုံနဲ့ နာမကျန်းဖြစ်စေပါလိမ့် . . .?။ CJ Platform က အပတ်စဉ် တင်ဆက်ပေးနေတဲ့ ‘သိစေချင်လို့’ ကဏ္ဍမှာ အတူတူ လှန်လှောဖွေရှာကြည့်ရအောင်ပါ။

 

ရာသီဥတုပြောင်းလဲမှုက ပမာဏ သေးသေး ကြီးကြီး တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သက်ရောက်ပါတယ်။ ရေခဲပြင်အရည်ပျော်တာကနေ ပင်လယ်ရေ မြင့်တက်လို့ ရေကြီးရေလျှံဖြစ်တာကနေ အပူလှိုင်းတွေဖြတ်၊ မိုးခေါင်ရေရှားတာ အဆုံး ဖြစ်စဉ်တွေ မတူပေမဲ့ ဇာစ်မြစ်လိုက်ရင်တော့ လာရာတူကြတာပေါ့။

 

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုထဲမှာ တစ်ကမ္ဘာလုံးရဲ့ ပျမ်းမျှအပူချိန် မြင့်တက်လာတဲ့ ကိစ္စလည်း အပါအဝင်ပါ။ အရှေ့တောင် အာရှ နိုင်ငံတွေ အတော်များများကို ပြီးခဲ့တဲ့ လပိုင်းက ဖြတ်သွားတဲ့ အပူလှိုင်းတွေက အကောင်းဆုံး ဥပမာပါပဲ။ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အပူလှိုင်းတွေ ဖြတ်သန်းတိုက်ခတ်တဲ့အခါ ဒေသတွင်းအပူချိန်တွေက ပိုလို့ ပိုလို့ တိုးတိုးလာရတာပေါ့။ ဒီလိုအပူချိန်တွေ အဆမတန်မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေက အများကြီးပါ။ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေကတော့ ဒဏ်အခံရဆုံးပေါ့။ ကျန်းမာရေးရှုထောင့်က ကြည့်ပြန်ရင်လည်း အပူဒဏ်မြင့်တက်လာမှုက အတော်လေး သက်ရောက်မှုရှိပါတယ်။

 

အဲဒါအပြင်ကိုမှ ပထဝီဝင်အနေအထားအရလဲ ရာသီဥတုဇုန်တွေ ဖြန့်ကျက်တည်ရှိပုံကို ယိုယွင်းစေပါတယ်။ ရာသီဥတုပူနွေးမှုကြောင့် မြေပြင်မှာရှိတဲ့ ရေထုတွေက များများအငွေ့ပျံ၊ မြန်မြန်စုဖွဲ့မိပြီး အုံနဲ့ကျင်းနဲ့ ပြန်ရွာချလေ့ရှိပါတယ်။ ဒါကြောင့် နဂိုကတည်းက ခြောက်သွေ့တဲ့ နေရာဆို ပိုခြောက်သွေ့ဖို့ပဲ ရှိပြီး စိုစွတ်တဲ့ ဒေသတွေကျပြန်တော့ ပိုစိုစွတ်ရတာပေါ့။ ဒီလိုနဲ့ ရာသီဥတုလည်ပတ်တဲ့ ပုံစံတွေက မူမမှန်တော့ဘဲ ဒေသတွင်းမှာရှိတဲ့ အပင်တွေနဲ့ တိရစ္ဆာန်မျိုးစိတ်တွေအတွက် အတော်လေး ဂယက်ရိုက်စေပါတယ်။

 

မြန်မာနိုင်ငံလို ရှားပါးတိရစ္ဆာန်ဖမ်းဆီးမှုတွေနဲ့ သစ်တောသစ်ပင် ခုတ်ထွင်မှုတွေ များတဲ့ နေရာမှာဆို ရာသီဥတုအပြောင်းအလဲကိစ္စတွေနဲ့ ပေါင်းလိုက်ရင် ရှင်သန်နိုင်ဖို့ အတော်လေး ခဲယဉ်းသွားပါတယ်။ ဒီလိုနဲ့ပဲ မျိုးသုဉ်းမှုတွေ ဖြစ်တာပါ။ နောက် မျိုးစိတ်တွေရဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ အပြုအမူတွေကိုလည်း ပြောင်းလဲစေပြန်ပါတယ်။ အဲဒီလိုကနေ ပြင်ပဒေသက ပိုးမွှားတွေနဲ့ ကျူးကျော်မျိုးစိတ်တွေက ဒေသမျိုးရင်း မျိုးစိတ်တွေရဲ့ နေရာကို မောင်ပိုင်စီးလာနိုင်ပြီး တစ်ဖက်မှာလည်း သူတို့က ပါလာတဲ့ ရောဂါဘယတွေကြောင့် လူသားမျိုးစိတ် ဒုက္ခရောက်နိုင်ပါတယ်။

 

စိုက်ပျိုးရေးနဲ့ မွေးမြူရေးပိုင်းမှာလည်း အထွက်နှုန်းတွေ ကျလာနိုင်လို့ ကုန်ဈေးနှုန်းမြင့်တက်စေနိုင်သလို ပတ်ဝန်းကျင်မှာလည်း ရေချိုရေသန့်အရင်းအမြစ်တွေ၊ လေကောင်းလေသန့် အရင်းအမြစ်တွေ လျော့ကျလာနိုင်ပါတယ်။

 

အပူချိန်မြင့်တာကြောင့် မြေအောက်ရေတွေနဲ့ မြေပေါ်က ရေထုတွေ ခမ်းခြောက်နိုင်ပြီး မိုးခေါင်ရေရှားတဲ့ ဘေးကို ကြုံရနိုင်ပါတယ်။ လတ်တလောမှာလဲ ဥရောပဒေသအတော်များများမှာ ဒီဘေးကို ကြုံနေရပါတယ်။ မိုးခေါင်တယ်ဆိုတာ မိုးအရွာနည်းတာနဲ့ အပူချိန်ကြောင့် ရေတွေ အငွေ့ပျံတာ ပေါင်းပြီး အိုက်စပ်ခြောက်သွေ့တဲ့ ရာသီဥတုမျိုးပေါ့။ ရေအသုံးလွန်တာကြောင့် ရေချိုအရင်းအမြစ်ရှားပါးလာတာနဲ့တော့ မတူပါဘူး။

 

ဇလဗေဒပညာရှင်တွေနဲ့ ခန့်မှန်းချက်အရဆိုရင် ကမ္ဘာ့ပျမ်းမျှအပူချိန် ၃ ဒီဂရီလောက် တိုးရုံနဲ့တင် မိုးခေါင်ရေရှားတဲ့နှုန်းက နှစ်ဆအထိ တက်လာနိုင်တယ် ဆိုပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတချို့မှာဆိုရင်လဲ ချောင်းတွေ၊ ကန်တွေ ခမ်းခြောက်တိမ်ကောလာတာကြောင့် ရေချိုအရင်းအမြစ် ရရှိဖို့ ရေတွင်းရေကန် တူးဖော်မှုတွေ ဆောင်ရွက်နေရတာမျိုး ရှိပါတယ်။

 

ဒါကြောင့် ရာသီဥတုပူနွေးလာတာနဲ့အမျှ မိုးရွာသွန်းမှု ပုံစံတွေ ပြောင်းကုန်၊ ရေသံသရာတွေ ကမောက်ကမဖြစ်ကုန်ပြီး ရေခဲပြင်တွေ အရည်ပျော်ရာကနေ ပင်လယ်ရေမြင့်တက်စေပါတယ်။ ဒီကိစ္စတွေ အားလုံးက ရေချိုအရင်းအမြစ်ကို တိမ်ကောစေတာပေါ့။ ရေကြီးရေလျှံမှုတွေ ဖြစ်တာလဲ ဒါနဲ့ ဆက်စပ်နေပြန်တယ်။ မိုးရွာတဲ့ ပုံစံတွေ ပြောင်းလဲတာကြောင့် မြစ်တွေ၊ ပင်လယ်တွေရဲ့ စီးဆင်းမှုပြောင်းလဲစေတယ်၊ ရေခဲပြင် အရည်ပျော်မှုတွေက ပင်လယ်ရေ မျက်နှာပြင်ကို မြင့်တက်စေပြီး ပင်လယ်နဲ့ ဆက်စပ်ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ပိုတိုးစေတယ်။ အပူချိန်ကြောင့် ရေထုတွေ အမြောက်အမြား အငွေ့ပျံရာကနေ ရေငွေ့တွေ ထုထည်များများ စုစည်းမိပြီး အုံလိုက်ကျင်းလိုက် ပြန်ရွာသွန်းရာကနေလဲ ရေကြီးစေတာပေါ့။

 

မြန်မာနိုင်ငံလို ရေအားလျှပ်စစ်ကို အခြေခံတဲ့ နိုင်ငံတွေဆိုရင် ပိုဆိုးပါတယ်။ ရာသီဥတုပူပြင်းမှုကြောင့် မြစ်ချောင်းကန်ဆည်တွေက ရေထုတွေ လျော့နည်းနိမ့်ပါးလာပြီး လျှပ်စစ်ထုတ်နိုင်စွမ်းအားကို လျော့စေတာပါ။ ဒါကိုမှ ညံ့ဖျင်းတဲ့ လျှပ်စစ်ခွဲဝေဖြန့်ဖြူးရေးစနစ်နဲ့ ပေါင်းလိုက်တော့ နွေတွင်းဆိုရင် လျှပ်စစ်က တစ်နေ့လုံးကိုမှ နာရီပိုင်းလောက်ပဲ ရတော့တာပေါ့။

 

ဒါဆိုရင် ပူနွေးလာတဲ့ ကမ္ဘာကြီးကို ဘယ်လိုပြန်ကုစားကြမလဲ . . .?

 

လူတိုင်းကြားဖူးနေကျ ဓာတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ရမှာပါ။ သစ်ပင်စိုက်ဖို့ပေါ့။ သစ်ပင်စိုက်တယ်ဆိုတာ သဘာဝကို အခြေခံတဲ့ နည်းလမ်းမို့ လူတိုင်းလိုက်လုပ်နိုင်တဲ့ ကိစ္စပါ။ သစ်ပင်တွေက ကမ္ဘာ့လေထုထဲရှိတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို စုပ်ယူစေလို့ ပူနွေးမှုကို လျော့ကျစေပါတယ်။ ဒါကြောင့်ပဲ အပင်တွေကို တတ်နိုင်သရွေ့ များများစိုက်ဖို့ တိုက်တွန်းပါတယ်။ စိုက်တယ်ဆိုတဲ့ နေရာမှာ ကိုယ့်ပတ်ဝန်းကျင်ရဲ့ နေရာအလွတ်ထဲ ဂရုတစိုက်မွေးမြူစရာမလိုဘဲ ရင်းမြစ်နည်းနည်းနဲ့ အကြမ်းခံရှင်သန်နိုင်တဲ့ အပင်မျိုးစိတ်တွေကို စိုက်ပါ။ ပြီးရင် ကိုယ်နေတဲ့ နေရာက အပူပိုင်းဒေသဆိုရင် အပူပိုင်းဒေသနဲ့ လျော်ညီမဲ့ အပင်မျိုးကို စိုက်ဖို့လိုပါတယ်။ နောက်တစ်ပတ်ပြန်ဆုံပါမယ်။

 

ဓာတ်ပုံ  – Yale Connection