ပေါက်ခေါင်းရှိ ကင်းပုန်းစစ်သားများကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီလုပ်သည့် ဟန်ပြသင်္ကြန်မဏ္ဍပ်များသို့ မသွားရန် PPDF ထပ်မံသတိပေး

Published on Apr 13, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ညဘက်ကင်းပုန်းဝတ်ရန် လာရောက်သော စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ယမန်နေ့ ဧပြီလ ၁၂ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်(၃၆၀၁ PPDF)တပ်ရင်းက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

 

ပေါက်ခေါင်းမြို့ပေါ် အမှတ်(၄)ရပ်ကွက်၊ တောင်ရွာနှင့် ပါးပြင်ရွာအနီးဇရပ်တွင် စစ်ကောင်စီတပ်သား အင်အား ၁၀ ဦးခန့်ဖြင့် ကင်းပုန်းဝပ်ရန်လာရောက်စဉ် PPDF(၃၆၀၁)တပ်ရင်း တပ်ခွဲ(၁)၊ တပ်ခွဲ(၅)နွေဦးအဖွဲ့နှင့် ပေါက်ခေါင်း(ပကဖ)တို့မှ အဝေးထိန်းမိုင်းဖြင့် ည ၉ နာရီ ၁၅ မိနစ်ခန့်တွင် စောင့်ကြိုဖောက်ခွဲတိုက်ခိုက်ရာ နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ၃၆၀၁ တပ်ရင်း ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားတာဝန်ခံက CJ Platform သို့ပြောသည်။

 

“ကင်းပုန်းလာဝပ်တာကို စောင့်ကြိုတိုက်ခိုက်ခဲ့တာပေါ့။ နှစ်ယောက်ဒဏ်ရာ အပြင်းအထန်ရသွားတယ် အနီးနားတွေ ရမ်းသမ်းပစ်တယ်” ဟု ၎င်းက ပြောသည်။

 

ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ပေါက်ခေါင်းမြို့ဘက်သို့ ည ၁၀ နာရီခန့်တွင် ကားဖြင့် သယ်ဆောင်ကာ ရွှေတောင်မြို့ ကုတင် ၁၀ဝ စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ပေါက်ခေါင်းမြို့ပေါ်တွင် အစစ်အဆေးကြမ်းနေသည်ဟု သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စစ်ရေးပစ်မှတ်များကို အဓိကထား၍ တိုက်ခိုက်နေသည့်အတွက် ဒေသခံများအနေဖြင့် စစ်ကောင်စီမှ ဟန်ပြပြုလုပ်နေသော သင်္ကြန်မဏ္ဍပ်များကို သွားလာခြင်းမပြုကြရန်နှင့် အကယ်၍အသိပေးထားသည့်ကြားမှ သွားလာသောကြောင့် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် တာဝန်ယူဖြေရှင်းသွားမည်မဟုတ်ကြောင်း PPDF က ထပ်မံသတိပေးချက် ထုတ်ပြန်သည်။

 

ထို့ပြင် ပေါင်းတည်မြိုနယ်၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းပေါ်သို့ နယ်မြေရှင်းလင်းရေးလာသော အင်အား(၂၅)ဦးဖြင့် ထွက်ခွာလာသောစစ်ကြောင်းကို ဒေသတော်လှန်ရေးတပ်ဖွဲ့များက ဧပြီလ ၁ ရက် ညနေ ၅ နာရီခန့်တွင် ပတ်လည်မိုင်းဆွဲကာ တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း သေဆုံးခဲ့သည်။

 

ဓာတ်ပုံ – PPDF