စစ်ကောင်စီလက်အောက်ခံ ၆၅၀ ဦးခန့်ရှိသော မောင်တော ကြိမ်ချောင်းဗျူဟာစခန်းကို ရက် ၅၀ နီးပါးအကြာတွင် AA သိမ်းပိုက်

Author ကိုထားဝယ်
Categories
Published on Apr 13, 2024

ရက္ခိုင်ပြည်၊ မောင်တောမြို့က စစ်ကောင်စီ၏ လက်ကျန်စခန်းတစ်ခုဖြစ်သော ကြိမ်ချောင်းဗျူဟာစခန်းကို ယမန်နေ့ ဧပြီလ ၁၂ ရက်နေ့တွင် ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်လိုက်သည်။

 

နယ်ခြားစောင့်တပ်ဖွဲ့(နခခ-၇)ဖြစ်သော အဆိုပါစခန်းကို မတ်လ ၂၃ ရက်နေ့မှစတင်၍ ဝန်းရံပိတ်ဆို့ဖြတ်တောက်ခဲ့ပြီးနောက် ၄၈ ရက်အကြာ ဧပြီ ၁၂ ရက်က သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်။

 

ထိုဗျူဟာစခန်းကိုသိမ်းပိုက်နိုင်ရေး AA အနေဖြင့် စစ်ရှိန်တောက်လျှောက်မြှင့်တင်ခဲ့သည်ဟု ထုတ်ပြန်ချက်များအတွင်း ဆက်တိုက်ဆိုသကဲ့သို့ ရေးသားဖော်ပြခဲ့သည်။

 

ကြိမ်ချောင်းဗျူဟာစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဝ ကျော်၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀ဝ ခန့်နှင့်အတူ ၎င်းတို့၏ မိသားစုဝင် ၁၅၀ ခန့်ရှိသော စခန်းကြီးတစ်ခုဖြစ်သည်။ ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနှင့် ဒုဗိုလ်မှူးကြီး ရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်ပြီး ပြန်လည်ခုခံခဲ့သော်လည်း ရက္ခိုင့်တပ်တော်ထံသို့ လက်လွှတ်ခဲ့ရသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းအမြောက်အမြား၊ သုံ့ပန်းအချို့နှင့်အတူ ၎င်းတို့၏ မိသားစုဝင်အချို့ကို ဖမ်းဆီးရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု AA က ဆိုသည်။ ရက္ခိုင့်တပ်တော် ရဲဘော်အချို့လည်း အကျအဆုံးရှိခဲ့သည်ဟု သိရသည်။

 

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရက္ခိုင်ဒေသအတွင်း အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များတွင် တိုက်ပွဲများ အဓိက ဖြစ်ပွားခဲ့သည်ဟု AA က ဆိုသည်။

 

ဧပြီလ ၁၀ ရက်၊ ညနေ ၃ နာရီ ၄၀ မိနစ်တွင် အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀ဝ) ခန့်အကွာတွင် စစ်ကောင်စီ၏ အင်အား (၅၀) ခန့်ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းစစ်ကြောင်းသည် မြေပြင်လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတို့ကို အသုံးပြုတိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲသည်အချိန် တိုတောင်းသော်လည်း ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

 

ထိုတိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော်ဘက်ကလည်း အထိအခိုက်အချို့ရှိခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အထိအခိုက် အကျအဆုံးများဖြင့် အမ်းမြို့၊ နပခဌာနချုပ်အတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု AA ထံမှ သိရသည်။

 

ထို့ပြင် ဧပြီလ ၁၁ ရက်နေ့က အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက် မီတာ (၁၀ဝ၀) ခန့်အကွာတွင်လည်း နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်မှစတင်၍ ညနေ (၄) နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က မျက်မြင် (၅) ဦး သေဆုံးကာ (၁၀) ဦးခန့်ဒဏ်ရာရရှိသကဲ့သို့ ရက္ခိုင့်တပ်တော်ဘက်ကလည်း ဒဏ်ရာအချို့ရခဲ့သည်ဟု သိရသည်။

 

ထို့အတူ ဧပြီလ ၁၀ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် ၂ ဒသမ ၅ ကီလိုမီတာခန့်အကွာ (ဘူးသီးတောင်-မောင်တောလမ်းအကျော်)တွင် တစ်နာရီနီးပါးကြာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က (၆)ဦးသေဆုံးပြီး (၈) ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

 

ရက္ခိုင့်တပ်တော် AA အနေဖြင့် ယခင်ထုတ်ပြန်ပြောထားပြီးဖြစ်သည့်အတိုင်း လက်နက်ချအညံ့မခံသေးသော စစ်ကောင်စီ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ယခုကဲ့သို့ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် AA က ထပ်မံသတိပေးလိုက်သည်။

 

AA အနေဖြင့် လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ်နှင့် တောင်ကုတ်၊ စကခ (၅) အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆိုသည်။

 

ဓာတ်ပုံ – AA Info Desk