ပင်လောင်းတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ၄ နှစ်ကလေးငယ် သေဆုံး

Published on Apr 13, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ ပင်စုံကျေးရွာကို တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီသည် ပြီးခဲ့သည့်ဧပြီလ ၁၀ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးကာ ဒေသခံ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပအိုဝ်းအမျိုးသားများလွတ်မြောက်ရေးတပ်မတော်(PNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ပအိုဝ်းဒေသ ဆောင်းပြောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၄ နှစ်အရွယ် ခွန်ငြိမ်းချမ်း ထိမှန်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ လေးဦးအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း PNLA သတင်းတာဝန်ခံ ခွန်ရိန်းယံက CJ Platform သို့ပြောသည်။

 

“ပစ်တာကတော့ ဆောင်းပြောင်းကျေးရွာဘက်ကနေပစ်တာ။ အဲဒီမှာ သူတို့လက်နက်ကြီး တပ်စွဲထားပါတယ်။ ကလေးငယ်တစ်ဦးက သေဆုံးခဲ့ပါတယ်” ဟု ပြောသည်။

 

PNLA အနေဖြင့် ထိခိုက်ဒဏ်ရာမပြင်းထန်သူများကို ဆေးကုသမှုပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သူများကို နီးစပ်ရာဆေးရုံသို့ ပိုဆောင်ပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

 

ဧပြီလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် ပင်စုံကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ နီးပါးပစ်ခတ်ခဲ့သဖြင့် နေအိမ် တစ်လုံးအလုံးစုံထိခိုက်ပျက်စီးခဲ့သည့်အပြင် အခြားနေအိမ်အများအပြား ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့သည်ဟု PNLA က ဆိုသည်။

 

ဓာတ်ပုံ – PNLA